/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပိုးလေးဖက်နာနဲ့-နှလုံးရောဂါ

ပိုးလေးဖက်နာနဲ့ နှလုံးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပိုးလေးဖက်နာ ဆိုတာဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး Group A streptococcal (GAS) ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် အာသီးရောင်ရာကနေ ဖြစ်တတ်ပါတယ်။ နှလုံးအဆို့ရှင်တွေကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဆိုးတတ်ပါတယ်။ ဒါကြောင့် အာသီးရောင်တဲ့အခါ သေချာထိထိရောက်ရောက် ကုသခြင်းဖြင့် ပိုးလေးဖက်နာ မဖြစ်ရလေအောင် ကာကွယ်နိုင်ပါတယ်။

 

>>    အဓိကအချက်များ

1.       အာသီးရောင်တဲ့အခါ သေချာ မကုသတာကြောင့် ပိုးလေးဖက်နာ ဖြစ်စေပါတယ်။

2.       ဒါကြောင့် ကလေးတစ်ယောက် အာသီးရောင်တဲ့အခါ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

3.       Strept ပိုးကြောင့်ဖြစ်တဲ့ အာသီးရောင်ခြင်းမှန်း သေချာသွားတဲ့အခါ ပိုးသတ်ဆေး 10 ရက် သောက်ရပါတယ်။

4.       ပိုးလေးဖက်နာ မဖြစ်ရလေအောင် ဆေးကို 10 ရက်ပြည့်အောင် သောက်ဖို့ အရေးကြီးပါတယ်။

5.       ပိုးလေးဖက်နာ ဖြစ်တတ်တဲ့လူတွေကတော့ : မိသားစုများများ စုနေတဲ့အိမ်တွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အသက် 5 နှစ်မှ 15 နှစ်ကြား ကလေးတွေပဲ ဖြစ်ပါတယ်။

 

>>    ဖြစ်ရတဲ့အကြောင်းရင်းများ

          အချို့ကလေးတွေမှာ Strept ပိုးဝင်တဲ့အခါ ကိုယ်ခံစွမ်းအား ကမောက်ကမဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ နှလုံး၊ ဦးနှောက်နဲ့ အရေပြားတွေကို အဓိကထားပြီး ရောင်ရမ်းလာစေပါတယ်။ ရောဂါ ပြန်မဖြစ်အောင် နှစ်နဲ့ချီပြီး ပိုးသတ်ဆေး မှန်မှန်သောက်ဖို့ လိုအပ်နိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          Streptococcal ပိုးကြောင့် လည်ချောင်းနာရာက စပြီး ရက်သတ္တပတ် အနည်းငယ်အကြာ -

●        အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းလာတာ

●        အနီကွက်တွေ ပေါ်လာတာ

●        ဖျားတာ

●        ဗိုက်အောင့်တာ

●        ဆတ်ခနဲ ဆတ်ခနဲ လှုပ်ရှားမှုတွေ ရုတ်တရက်ဖြစ်တာ စတဲ့ လက္ခဏာရပ်တွေ ပေါ်လာနိုင်ပါတယ်။

          ဒီလက္ခဏာတွေ ပျောက်သွားခဲ့ရင်တောင် နှလုံးအဆို့ရှင်တွေ အပြီးပျက်စီးသွားနိုင်ပါတယ်။ ဒါကို ပိုးလေးဖက်နာ နှလုံးရောဂါလု့ိ ခေါ်ပါတယ်။

 

>>    ကုသနည်း

          ပိုးလေးဖက်နာ လက္ခဏာတွေဟာ သူ့အလိုလို ပျောက်သွားတတ်ပေမယ့် လေးဖက်နာ နှလုံးရောဂါကတော့ တောက်လျှောက်ရောင်ရမ်းပြီး အဆို့ရှင်တွေမှာ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။

          နောက်ထပ် ထပ်မဖြစ်အောင်၊ ပိုပိုပြီး ဆိုးမလာအောင် Penicillin တစ်လတစ်ကြိမ် ထိုးဆေးကို 10 နှစ်နဲ့အထက် တောက်လျှောက်ထိုးဖို့ လိုအပ်ပါတယ်။

          ပုံမှန်အထူးကုဆရာဝန်၊ ဆရာမတွေနဲ့ ပြသပြီး တချို့တွေမှာ နှလုံးအဆို့ရှင် လဲလှယ်ခွဲစိတ်မှုတွေပါ လုပ်ဖို့ လိုအပ်လာနိုင်ပါတယ်။

          ကုသမှုတွေ၊ ခွဲစိတ်မှုတွေ ပြုလုပ်တာတောင်မှ အရွယ်မတိုင်ဘဲ သေဆုံးမှုတွေ ဖြစ်စေနိုင်တာကြောင့် ကလေးတွေမှာ မဖြစ်ခင် ကြိုတင်ကာကွယ်မှုရရှိဖို့ အထူးအရေးကြီးပါတယ်။

          လေးဖက်နာ နှလုံးရောဂါ ရှိသူတွေမှာလည်း သွားဘက်ဆိုင်ရာ ကုသမှုတွေ၊ ရောဂါဘယ ကုသမှုတွေ ခံယူတိုင်း ဆရာဝန်ကို ပြောပြဆွေးနွေးရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)