ပုံမှန်ထက် ပိုပြီးတော့ ပင်ပန်းနွမ်းနယ်နေပါသလား
ပုံမှန်လုပ်နေကျ အလုပ်တွေ လုပ်နေရာက အခုမှ ရုတ်တရက်ကြီး ခါတိုင်းထက်ပိုပြီးတော့ လုပ်ရခက်ပြီး ပင်ပန်းနွမ်းနယ်နေပါသလား။ ဒီလိုဖြစ်တာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်လို့၊ စိတ်ဖိစီးမှုတွေများလို့ စတဲ့အကြောင်းတွေကြောင့် ပုံမှန်ထက် ပိုပြီးနုံးချိနေတတ်ပါတယ်။ ဒါပေမဲ့လည်း ရုတ်တရက်ကြီး gym သွားချင်စိတ်လည်းမရှိဘဲနဲ့ လေ့ကျင့်ခန်း နည်းနည်းလုပ်တာနဲ့ မောနေတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်းချို့တဲ့လို့လည်း ဖြစ်နိုင်ပါတယ်။
>> သိုင်းရွိုက်ဟော်မုန်းချို့တဲ့တယ်ဆိုတာ ဘာလဲ?
သိုင်းရွိုက်ဂလင်းက လည်ပင်းအောက်ခြေလေးမှာရှိပြီးတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းက ဒီဟော်မုန်းတွေ အလုံအလောက် မထုတ်ပေးနိုင်တာကို သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (hypothyroidism) လို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေ နှေးကွေးသွားပြီးတော့ ပင်ပန်းနွမ်းနယ်လာကာ လေ့ကျင့်ခန်းလုပ်ရင် အရင်ကထက် ပိုပြီးမောလာပါလိမ့်မယ်။ တခြားလက္ခဏာတွေအနေနဲ့ ကိုယ်အလေးချိန်တွေ တက်လာမယ်၊ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အသက်ရှူမြန်လာမယ်၊ အအေးဒဏ်ကို မခံနိုင်တော့ဘူး၊ ကြွက်သားတွေ၊ အဆစ်တွေ နာကျင်ကိုက်ခဲမယ် စတာတွေကို ခံစားရတတ်ပါတယ်။
အများအားဖြင့်တော့ Hashimoto’s လို့ခေါ်တဲ့ ကိုယ့်ရဲ့ခုခံအားကို ကိုယ်ပြန်တိုက်တဲ့ရောဂါတစ်မျိုးကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါကို ဖြစ်စေပါတယ်။ ဒီရောဂါမှာဆိုရင် ခုခံအားစနစ်က သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းပြီးတော့ သိုင်းရွိုက်ဂလင်း ပျက်စီးစေတတ်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတော့ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါသည် မိသားစုထဲမှာ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အမျိုးအစား ၁ ဆီးချိုရောဂါ၊ လေးဖက်နာ၊ lupus စတဲ့ တခြားခုခံအားဆိုင်ရာရောဂါတွေ ရှိတဲ့လူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင်တော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
>> ရောဂါလက္ခဏာများ
သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ ရောဂါလက္ခဏာတွေက ရုတ်တရက်ကြီး ပြနိုင်သလို လပေါင်းများစွာ နှစ်ပေါင်းများစွာကြာမှ ဖြည်းဖြည်းချင်း ပြတာမျိုးလည်း ရှိပါတယ်။ ပြီးတော့ သူ့ရဲ့လက္ခဏာတွေကလည်း သွေးအားနည်းရောဂါ၊ စိတ်ကျရောဂါ၊ အိပ်မပျော်တဲ့ရောဂါစတဲ့ တခြားရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတဲ့အတွက်ကြောင့် ဒီရောဂါလို့ ဒက်ထိပြောဖို့ခက်ပါတယ်။
ရောဂါသတ်မှတ်ရခက်စေတဲ့ အချက်ထဲက တစ်ချက်ကတော့ ဒီရောဂါလို့ တစ်ထစ်ချ ပြောလို့ရမယ့်လက္ခဏာမျိုး မရှိဘဲနဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပါ ထိလို့ပါ။ ဒီရောဂါမှာ ပေါ်တတ်တဲ့ လက္ခဏာတစ်ခုစီတိုင်းက တခြားအကြောင်းအရင်း ၁၀ မျိုးကနေ အမျိုး ၁၀၀၀ လောက်ကြောင့် ဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ဂလင်း ကောင်းကောင်း အလုပ်လုပ်မလုပ်ဆိုတာကို သိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ TSH လို့ခေါ်တဲ့ ဟော်မုန်းကို သွေးစစ်ပြီးတော့ တိုင်းတာတာပါ။ TSH များရင် သိုင်းရွိုက်ဟော်မုန်း ထုတ်တာနည်းတယ်ဆိုတာကို ပြပါတယ်။
>> ကုထုံးများ
သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ရောဂါဆိုတာ သေချာပြီဆိုရင် ဆရာဝန်က သိုင်းရွိုက်ဂလင်းက ထုတ်ပေးတဲ့ ဟော်မုန်းတွေနဲ့တူတဲ့ ဆေးပေးပါလိမ့်မယ်။ ဒီဆေး အလုပ်လုပ်မလုပ်ဆိုတာကို သိဖို့တော့ ပုံမှန်သွေးစစ်ကြည့်နေဖို့ လိုပါတယ်။ လူအများစုအတွက်တော့ ဒီနည်းလမ်းက အဆင်ပြေပါတယ်။
လေ့ကျင့်ခန်းလုပ်တာက ဒီရောဂါအတွက် အကျိုး ရှိ၊ မရှိဆိုတာကို သိပ္ပံနည်းကျ သက်သေပြချက် မရှိပေမယ့်လည်း အကျိုးရှိနိုင်မယ်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာက စိတ်ကျရောဂါအတွက် အကျိုးရှိတယ်ပြီးတော့ ရောဂါလက္ခဏာအချို့ကိုလည်း သက်သာစေနိုင်ပါတယ်။
ဒါပေမဲ့ လေ့ကျင့်ခန်း မလုပ်ခင်မှာတော့ ကိုယ်နဲ့ သင့်တော်တဲ့လေ့ကျင့်ခန်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှလုပ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























