/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပုံမှန်လေ့ကျင့်ခန်း-လုပ်လေ့မရှိဘဲ-တစ်ခါတစ်ရံမှ-အပြင်းအထန်

ပုံမှန်လေ့ကျင့်ခန်း လုပ်လေ့မရှိဘဲ တစ်ခါတစ်ရံမှ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာဟာ ရုတ်တရက် သေဆုံးနိုင်ခြေ များပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အမျိုးသားဆရာဝန် ၂၂၀၀၀ ကို လေ့လာခဲ့တဲ့ လေ့လာမှုမှာ တစ်ပတ်ကို တစ်ကြိမ်အောက် လေ့ကျင့်ခန်းလုပ်သူတွေဟာ အပြင်းအထန် လှုပ်ရှားပြီးနောက် ရုတ်တရက် နှလုံးဖောက် သေဆုံးဖို့ ၇၄ ဆလောက် ပိုများပြီး တစ်ပတ်ကို ၅ ကြိမ်နဲ့အထက် လေ့ကျင့်ခန်း လုပ်သူတွေမှာတော့ ၁၀ ဆလောက်ပဲ ရှိတာကို တွေ့ရတယ်။

          ပုံမှန် အမြဲတမ်းနဲ့ မကြာမကြာ လေ့ကျင့်ခန်း လုပ်တတ်တဲ့လူမျိုးမှာတော့ အပြင်းအထန် လှုပ်ရှားလိုက်ခြင်းကြောင့်  ရုတ်တရက် သေဆုံးနိုင်ခြေကို နည်းစေကြောင်း သိရတယ်။

          တကယ်တော့ လေ့ကျင့်ခန်းတွေဟာ နှလုံးအတွက် အရမ်းကို ကောင်းတယ်။ ဒီလိုအကြောင်းအရာတွေကြားလို့ လေ့ကျင့်ခန်း မလုပ်တော့တာမျိုးတော့ မဖြစ်သင့်ဘူးနော်။ ပြောချင်တာက လေ့ကျင့်ခန်း အခုမှ စလုပ်မယ်ဆိုရင် အပြင်းအထန် စမလုပ်ဘဲ ဖြည်းဖြည်းချင်းစီနဲ့ မှန်မှန် အစပျိုးသင့်တယ်။

          အပေါ်မှာ ပြောခဲ့တဲ့ လေ့လာမှုမှာ ၁၂ နှစ်အတွင်း စုစုပေါင်း ၁၂၂ ယောက် သေဆုံးခဲ့ပြီး ရုတ်တရက် သေဆုံးသူ ၆ ယောက်မှာ ၁ ယောက်ဟာ အပြင်းအထန်လှုပ်ရှားပြီး မိနစ် ၃၀ အတွင်း သေဆုံးခဲ့တာ ဖြစ်တယ်။

          လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ adrenaline လို့ခေါ်တဲ့ တွန်းအားဟော်မုန်းတွေ အများကြီး ထွက်နေတယ်။ ဒါကြောင့် သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ တက်သွားတယ်။ အထူးသဖြင့် လုပ်နေကျမဟုတ်တဲ့ လူတွေမှာ ပိုဆိုးတာပေါ့။ အမြဲထိတွေ့မှုရှိနေတဲ့ လူတွေမှာတော့ ခန္ဓာကိုယ်က ပြန်ပြီးတုံ့ပြန်နိုင်တာကြောင့် ဘာမှမဖြစ်ဘူး။ ဒါကြောင့်လည်း အမြဲ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ လူတွေမှာ နှလုံးရောဂါဖြစ်နှုန်း နည်းတာ ဖြစ်ပါတယ်။

          ဒါကြောင့် ကျန်းမာရေး လိုက်စားတော့မယ်ဆိုပြီး ထိုင်ရာကထပြီ ဆိုရင်တော့ ဖြည်းဖြည်းချင်း စလုပ်ပါ။ လေ့ကျင့်ခန်း တစ်မျိုးမျုးိကို အနည်းဆုံး တစ်ပတ်၊ ၅ ရက်လောက် လုပ်ပေးသင့်တယ်။ ပြီးတော့ အရမ်းမောပြီး နုံးသွားတဲ့အထိ မလုပ်ပါနဲ့။

          အမြန်လမ်းလျှောက်တာကနေ စဖို့ အကြံပေးချင်တယ်။ နောက်ပိုင်းမှ ပိုပြီးလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းမျိုးကို ပြောင်းလုပ်သင့်တယ်။ ပြီးတော့ ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းမိျုးကိုသိဖို့ ဆရာဝန်နဲ့လည်း ဆွေးနွေးသင့်ပါတယ်။

Dr. Emerald (www.drmyanmar.com)