ပူနွေးလာတဲ့ ကမ်ဘာကြီး ... ပျက်ပြားလာတဲ့ ကျန်းမာရေး
ကမ်ဘာကြီးဟာ တစ်နေ့တခြား ပူနွေးလာသတဲ့။ ခေတ်မီတိုးတက်တဲ့ ကမ်ဘာမှာ လွယ်ကူသက်သာ မြန်ဆန်စေမယ့် စက်ပစ္စည်းတွေ၊ ကားတွေကို တီထွင်ဖန်တီးနေကြရင်း တစ်ဖက်ကလည်း ရာသီဥတု အပြောင်းအလဲရဲ့ အကျိုးဆက်တွေကို ခံစားလာရပါတယ်။
မော်တော်ကားတွေ၊ စက်ရုံတွေကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ လေထုကို ညစ်ညမ်းလာစေပြီး လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပါပြီ။
အရင်ကထက် ကင်ဆာတွေ ဖြစ်လာကြတယ်။ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ဝေဒနာတွေ ခံစားလာရတယ်။ လေထုထဲက ညစ်ညမ်းပစ္စည်းတွေ၊ အမှုန်အမွှားတွေ၊ ဓာတုဓာတ်ငွေ့တွေရဲ့ သက်ရောက်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ သင် မပြုပြင်နိုင်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရပြီး ဒီအန္တရာယ်တွေဟာ လက်တစ်ကမ်းမှာပါ။
ဟာရီကိန်းတွေ၊ ရေလှိုင်းတွေ၊ တော်နေဒိုးတွေ၊ အပူလှိုင်းတွေ၊ တောမီးလောင်တာတွေ တစ်နှစ်ထက်တစ်နှစ် ဖြစ်ပွားလာတာ သက်သေပါပဲ။ ရေခဲတွေ အရည်ပျော်နေပြီ။ ကမ်ဘာကြီး ပူသထက် ပူလာပြီ။
ရာသီဥတု ပြောင်းလဲလာတာကြောင့် ရောဂါအသစ်အဆန်းတွေ၊ ကူးစက်တတ်တဲ့ရောဂါတွေကလည်း တစ်နေ့တခြား များပြားလာခဲ့ပါတယ်။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ အပူပိုင်းရောဂါတချို့ဟာ ကမ်ဘာကို စတင်ခြိမ်းခြောက်နေပါတယ်။
မုန်တိုင်းတွေ ဆက်တိုက်ထန်နေတဲ့အခါ လူတွေ လတ်ဆတ်တဲ့ သောက်သုံးရေ မရဘူး၊ သန့်ရှင်းတဲ့ အစားအစာ မရဘူး။ စိုက်ပျိုးမြေတွေ ဆုံးရှုံးကုန်တယ်။ အစားအစာ ရှားပါးငတ်မွတ်တာတွေ ကြုံရမယ်။
ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ သစ်တော၊ သစ်ပင် စောင့်ရှောက်တာတွေဟာ သမမျှတတဲ့ ရာသီဥတုအတွက် အထူးအရေးပါနေပါတယ်။ ကိုယ့်တစ်ကိုယ်တည်းအတွက် ကျန်းမာရေး စောင့်ရှောက် ဂရုစိုက်သလို ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးမှ မိမိရော၊ မိသားစုကော ကျန်းမာသက်ရှည်ဘဝကို ဖန်တီးနိုင်မှာပါ။ သစ်ပင်တွေ ပိုစိုက်ကြရအောင်လေ။
လူတွေ ရောဂါပိုဖြစ်လာတာ၊ မကျန်းမာကြတာ၊ ရောဂါအထူးတဆန်းတွေ ဖြစ်ကြတာ၊ ကမ်ဘာကြီး ပူနွေးလာတာနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ စာရေးသူက ယူဆပါတယ်။ တစ်ချိန်က လူတွေရဲ့ဘဝတွေဟာ သဘာဝကျကျ သာယာစိမ်းလန်းနေခဲ့ဖူးတယ် မဟုတ်ပါလား။
ခေတ်မီနည်းပညာတွေနဲ့ တို့တွေဘဝတွေ ပိုကောင်းလာသလို ဓာတုအငွေ့တွေ၊ စွန့်ပစ်ပစ္စည်းတွေကြောင့် ကမ်ဘာကြီးက ပြန်လည်ဒဏ်ခတ်နေပြီ။ လူတွေကတော့ ကြိုးစားအသက်ရှင်ကြဦးမှာပဲ။ ဆက်လက်တီထွင်ကြဦးမှာပဲ။ ဒါပေမဲ့ ပျက်ပြားလာတဲ့ ကျန်းမာရေးနဲ့ ရောဂါနောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ နောက် ၂၀ နှစ်အတွင်း ပိုမိုများပြားလာဦးမှာကို ဝမ်းနည်းစွာ စောင့်ကြည့်ရုံပဲ ရှိပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























