ပျော်ရွှင်မှုနဲ့ နေရောင်ခြည်ဟာ ဆက်စပ်နေ
ပျော်ရွှင်ကျေနပ်မှုဆိုတဲ့ ခံစားမှုနဲ့ နေရောင်ခြည်ရရှိမှုဟာ ဆက်စပ်နေပါသတဲ့။
သုတေသနပညာရှင်များရဲ့ တွေ့ရှိချက်အရ နေရောင်ရတဲ့နေရာက မိသားစုတွေဟာ ပိုမိုပျော်ရွှင်ကြတာကို တွေ့နေရပါတယ်တဲ့။
နေရောင် သိပ်မရတဲ့ ဆောင်းတွင်းနဲ့ သိပ်အေးတဲ့နေရာတွေမှာ နေထိုင်ကြသူတွေဟာ စိတ်ဓာတ်ကျဆင်းလွယ်ပြီး ဘဝကိုကျေနပ်မှု နည်းနေတတ်တာ တွေ့ရပါတယ်။
ဒါ့အပြင် နာတာရှည်လူမမာတွေ အိပ်ရာထဲ လဲနေသူတွေ ဆေးရုံတာရှည် တက်နေရသူတွေကို နေရောင်ခြည် ကောင်းကောင်းရတဲ့အခန်းမှာ ထားပေးလိုက်တဲ့အခါ စိတ်အားကိုယ်အား တက်လာပြီး အသက်ရှင်သန်ဖို့အားတွေ ပိုမိုတိုးပွားလာစေမှာပါ။
စိတ်မပျော်ရွှင်တဲ့အခါ နေ့စဉ် မနက်ထပြီး နေရောင်ခြည်နွေးနွေးလေး ခံယူခြင်းဖြင့် ဘဝရဲ့ စိတ်ညစ်စရာ စိတ်ပျက်စရာတွေကို ဝေးဝေးပစ်လိုက်နိုင်ပါတယ်။ တံခါး၊ ပြတင်းပေါက်တွေ ဖွင့်ပါ။ အိပ်ရာပေါ်ကို နေရောင် ဖြာကျနေပါစေ။
နေရောင်ရတဲ့ ပန်းခြံတွေမှာ လမ်းလျှောက်ပါ။ တယောက်တည်း ရှုခင်းကြည့်ပါ။ လှပသာယာတဲ့ ရှုခင်းရှုကွက်တွေကို အလေးထား ခံစားကြည့်ရှုရင်း လောကကို ကျေးဇူးတင်တဲ့ စိတ်ကူးစိတ်သန်း လှလှလေးတွေနဲ့ ပြန်လည်လန်းဆန်းတက်ကြွစေပါတယ်။
နေရောင်က သင့်ကို အတိုင်းအတာတစ်ခုထိ ပြန်လည်ပျော်ရွှင်လာစေမှာပါ။ သိပ်ပူတဲ့ နေရောင်ကျတော့လည်း အလုပ်မဖြစ်ပါဘူး။ မနက်ခင်း နေခြည်လေးကသာ အကောင်းဆုံး ပျော်ရွှင်မှုအာနိသင်ကို ပေးနိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ်ကို နေကြာပန်းလေးတွေလို သဘောထားပြီး မနက်ခင်း နေရောင်ခံကြည့်ရင်း ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက်လေး နေ့စဉ်တည်ဆောက်ကြည့်ကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























