ပြဒါးနဲ့ ကျန်းမာရေး
ကမာ်ဘ့ကျန်းမာရေးအဖွဲ့အစည်းက ပြဒါးကို အဓိက လူထုကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ဆုံးသော ဓာတုပစ္စည်း (၁၀) မျိုးထဲက တစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။
>> အဓိကအချက်များ
● ပြဒါးဆိုတာက လေ၊ ရေနဲ့ မြေကြီးတွေမှာ သဘာဝအတိုင်း တွေ့နို်င်တဲ့အရာ ဖြစ်ပါတယ်။
● ပြဒါးနှင့် ထိတွေ့ခြင်း၊ ပမာဏ အနည်းငယ်မျှနဲ့ ထိတွေ့ခြင်းကတောင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပြီး ဝမ်းဗိုက်ထဲက သနေ္ဓသား ဖွံ့ဖြိုးမှုနဲ့ ကလေး ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အန္တရာယ် ရှိပါတယ်။
● ပြဒါးက အာရုံကြောစနစ်၊ အစာချေစနစ်နဲ့ ကိုယ်ခံအားစနစ်များ၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြားနဲ့ မျက်လုံးတွေအပေါ်မှာ အဆိပ်အတောက် ဖြစ်စေပါတယ်။
● လူတွေက ငါးနဲ့ ပြဒါးပါတဲ့ အခွံမာရှိတဲ့ ရေသတ္တဝါတွေကို စားသုံးရာမှ methylmercury နဲ့ အဓိက ထိတွေ့နိုင်ခြေ များပါတယ်။
>> ပြဒါးဆိုတာ ဘာလဲ?
ပြဒါးဆိုတာ ကမ္ဘာမြေကြီးပေါ်မှာ သဘာဝအတိုင်း တွေ့ရတဲ့ ဒြပ်စင်တစ်မျိုးဖြစ်ပြီိး ပုံစံမျိုးစုံနဲ့ တည်ရှိနေပါတယ်။
● ဒြပ်စင် (သတ္တု) (သို့) inorganic ( အလုပ်အကိုင်မှတစ်ဆင့် လူတွေကို ထိတွေ့နို်င်)
● Organic (ဥပမာ - methylmercury အစားအစာမှတစ်ဆင့် လူတွေကို ထိတွေ့နိုင်)
ပြဒါးကို သဘာဝဖြစ်စဉ် (မီးတောင်) နဲ့ မိုင်းတူးဖော်ခြင်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ အမှိုက်မီးရှို့စက်များ၊ အိမ်တွင်း အပူပေးမှုများနဲ့ ကျောက်မီးသွေး အခြေခံပြီး ပြုလုပ်ထားတဲ့ပစ္စည်းများနှင့် ချက်ပြုတ်ခြင်း စက်မှုလုပ်ငန်းမျိုးစုံစတဲ့ လူတွေရဲ့ လုပ်ဆောင်ချက်များကနေတစ်ဆင့် လေထုထဲက ရောက်ရှိလာပါတယ်။
ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးက ပြဒါးကို methylmercury ဆိုတဲ့ အော်ဂဲနစ်ပုံစံအဖြစ် ပြောင်းလဲပေးလိုက်ပြီး ငါး၊ အခံွမာရှိတဲ့ ရေသတ္တဝါတွေကဲ့သို့သော အစားအစာတွေထဲမှာ စုပုံသွားပြီး လူတွေက ဒါတွေကို စားတဲ့အခါမှာ ပြဒါးကို စားမိသွားပါတယ်။ ပြဒါးအပေါ်မှာ အပူရဲ့ သက်ရောက်မှု မရှိတဲ့အတွက် ချက်ပြုတ်ခြင်းဖြင့် ပြဒါးကို မပျောက်ကွယ်စေပါဘူး။
>> ပြဒါးကြောင့် ကျန်းမာရေးအပေါ် ဘာသက်ရောက်မှုတွေ ရှိသလဲ?
ပြဒါးပုံစံအားလုံးက လူနဲ့ တိရစၧာန်တွေအပေါ်မှာ အဆိပ်အတောက်ဖြစ်စေပြီး အာရုံကြောစနစ်၊ အစာချေစနစ်နှင့် ကိုယ်ခံအားစနစ်၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြားနဲ့ မျက်လုံးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ပြင်းထန်မှုကတော့ အပျော့စားကနေပြီး သေစေနို်င်သည်အထိ ဖြစ်စေနိုင်ပါတယ်။
>> ပြဒါးအဆိပ်သင့်ခြင်း၏ ရောဂါလက္ခဏာများ
● တုန်ခြင်း
● အိပ်မပျော်ခြင်း
● မှတ်ဉာဏ် ဆုံးရှုံးခြင်း
● ပြဒါးရဲ့ တိုက်စားနိုင်သော အင်အော်ဂဲနစ် ဆားနဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် အရေပြားနှင့် မျက်လုံးများ လောင်ခြင်း
● ပြဒါးကို စားမိခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ပျက်စီးထိခိုက်မှုများ
● အာရုံကြောနှင့် ကြွက်သားဆိုရင် အကျိုးသက်ရောက်မှုများ
● ခေါင်းကိုက်ခြင်း
● တွေးတောခြင်းနှင့် သိမြင်ခြင်းဆိုင်ရာ အခက်အခဲများ
● အမူအကျင့်ပိုင်းဆိုင်ရာ ပုံမမှန်ခြင်းများ
● လှုပ်ရှားမှုဆိုင်ရာ ပုံမမှန်ခြင်း
● ဆီးထဲတွင် အသားဓာတ်များခြင်းမှ ကျောက်ကပ် ပျက်စီးခြင်း
● နောက်ထပ် အခြားပြဿနာများစွာ
>> ပြဒါးအဆိပ်သင့်ခြင်း ဖြစ်နိုင်ချေများသူများ
လူတိုင်းကတော့ ပြဒါး အဆိပ်သင့်နိုင်ပေမယ့်လည်း အဖြစ်များဆုံးသော အုပ်စု (၃) ခုကတော့ -
● ကိုယ်ဝန်ဆောင်မိခင်များနှင့် သနေ္ဓသားများ - ပြဒါးက သနေ္ဓသားရဲ့ ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကို အဆိပ်သင့်စေပြီး သင်ယူမှုဆိုင်ရာ အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်မှု၊ အာရုံစူးစိုက်နိုင်မှု၊ အမြင်အာရုံ၊ သိမှတ်နိုင်စွမ်း အားနည်းခြင်းပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
● ပြဒါးတွေ ပတ်ဝန်းကျင်ကို ထွက်နိုင်သော (သို့) အငွေ့များကို ရှူရှိုက်မိနိုင်သော စက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများ
● ပြဒါးပါသော ငါးနှင့် အခွံမာ ရေသတ္တဝါများကို အစားများသူများ
စိတ်မကောင်းစွာဘဲ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ကိုလံဘီယာ စတဲ့ နိုင်ငံတွေမှာ ငါးဖမ်းတဲ့ လူထုများနေပြီး ကလေးတွေမှာ ပြဒါးပါတဲ့ငါးတွေ အစားများခြင်းကြောင့် အဆိပ်သင့်ကာ စိတ်ပိုင်းဆိုင်ရာ နှောင့်နှေးမှုတွေ ဖြစ်ထားတဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ အခြား အသိများတဲ့ ပြဒါးအဆိပ်သင့်ခြင်းတွေကတော့ ဂျပန်က Minamata ဆိုတဲ့နေရာမှာ methylmercury စက်ရုံက စွန့်ပစ်ပစ္စည်းတွေကို Minamata မြစ်ကမ်းဘေးကို စွန့်ထုတ်လိုက်တဲ့အတွက် အဆိပ်သင့်ခြင်းကို ၁၉၃၂ နဲ့ ၁၉၆၈ ခုနှစ်အကြားမှာ ဖြစ်ပွားခဲ့ပါတယ်။
>> ကာကွယ်ခြင်း - လူတွေ ပြဒါးနဲ့ ထိတွေ့မှုနည်းအောင် ဘယ်လိုလုပ်ရမလဲ?
● ကျောက်မီးသွေး လောင်ကျွမ်းမှု ပြုလုပ်ဖို့မလိုတဲ့ သန့်စင်တဲ့ စွမ်းအင်ရင်းမြစ်များကို မြှင့်တင်ခြင်း
● ရွှေတွင်းတူးရာတွင် ပြဒါးသုံးစွဲမှုကို ရပ်တန့်ခြင်း
● ပြဒါးကို မိုင်းခွဲခြင်းများ မပြုရန်
● ဘက်ထရီ၊ သာမိုမီတာ၊ သွားဖာသောအရာများ၊ မီးအိမ်၊ အသားဖြူစေသော အလှကုန်ပစ္စည်းများ စသော မလိုအပ်သည့် ပြဒါးပါသောပစ္စည်းများကို မသုံးစွဲခြင်း
● ပြဒါးကို သတိထားပြီး ပြန်လည်သုံးစွဲခြင်း၊ ဖျက်ဆီးခြင်း
● ပြဒါး အသုံးပြုသော လုပ်ငန်းခွင်များတွင် ပြဒါးကို အန္တရာယ်ကင်းစေသောနည်းလမ်းများ ကျင့်သုံးခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)





























