ဗိုက်ရယ်က ပူ၊ အဆီတွေ ဘယ်လိုချ
ဗိုက်ပူ၊ ခါးတုတ်တာဟာ အမြင်မလှရုံတင်မကပါဘူး။ ဒီအလယ်နားက အဆီတွေဟာ ကိုယ်ခန္ဓာရဲ့ အချိုဓာတ်၊ အဆီဓာတ် ထိန်းချုပ်မှုကို ကမောက်ကမ ဖြစ်စေတဲ့အပြင် နာတာရှည် ရောင်ရမ်းမှုတွေလည်း ဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ခါးဆိုဒ် ၃၅ လက်မကျော်၊ အမျိုးသားတွေမှာ ခါးဆိုဒ် ၄၀ ကျော်တဲ့အခါ အန္တရာယ် ရှိလာနိုင်ပါတယ်။
ဒီလိုဆိုးရွားလှတဲ့ အဆီတွေကို ဘယ်လိုလျှော့ချကြမလဲ?
1. အဆီ ပိုစားပါ။
အဆီကျအောင် အဆီစားတာ လျှော့ရမယ်လို့ ထင်လေ့ရှိကြပါတယ်။ တကယ်တော့ ကိုယ်ခန္ဓာအတွက် ကောင်းတဲ့အဆီတွေဖြစ်တဲ့ သဘာဝအုန်းဆီ၊ သံလွင်ဆီ၊ အစေ့အဆံတွေမှာပါတဲ့ အဆီတွေအပြင် ဆယလ်မွန်လိုမျိုး အဆီများတဲ့ငါးတွေမှာပါတဲ့ အိုမီဂါ ၃ အင်ဆစ်အဆီဓာတ်တွေဟာ ဗိုက်အဆီကို ကျစေတဲ့အပြင် ကိုယ်ခန္ဓာအတွက် ကောင်းတဲ့ HDLအဆီဓာတ်ကိုလည်း တက်စေနိုင်ပါသေးတယ်။
2. နေရောင်နဲ့ ထိတွေ့ပါ။
နေရောင်မှာပါတဲ့ ဗီတာမင်ဒီဓာတ် ချို့တဲ့နေသူတွေမှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ များလာတတ်ပြီး အဆီခြေဖျက်ရ ခက်ခဲလာတတ်တာကြောင့် နေရောင်ခံပေးသင့်ပါတယ်။ နေရောင်မှာပါတဲ့ ဗီတာမင်ဒီက အဆီတွေကို သူ့အလိုလို ကျဆင်းသွားစေမှာ မဟုတ်ပေမယ့် ချရခက်နေတဲ့ အဆီ အနည်းငယ်ကိုတော့ ကျဆင်းစေဖို့ တာဝန်ယူပါတယ်။
3. စိတ်ဖိစီးမှုကို လျှော့ချဖို့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
စိတ်ဖိစီးမှုဟာ ဘဝရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့် ကြာရှည်စွာ စိတ်ဖိစီးနေသူတွေမှာ cortisol ဆိုတဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ကာ အရေးပေါ်သုံးအနေနဲ့ ဝမ်းဗိုက်အဆီစု သိုလှောင်စေပါတယ်။
စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ဖို့ တစ်နေ့ကို အချိန် 5 မိနစ်ခန့်ယူပြီး အသက် ဖြည်းဖြည်းချင်းရှူ၊ 3 စက္ကန့်ခန့် အောင့်ပြီး ဖြည်းဖြည်းချင်း ရှူထုတ်တဲ့နည်းနဲ့ တရားထိုင်ပေးသင့်ပါတယ်။
4. ပုံမှန် cardio လေ့ကျင့်ခန်းတွေအပြင် အလေးတုံးမ,တာပါ ထည့်လုပ်သင့်ပါတယ်။
Cardio လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်သင့်တာ မှန်ပေမယ့် အလေးတုံးမ,ပြီး ကြွက်သားတွေ သန်မာအောင် လုပ်ပေးခြင်းက ဗိုက်အဆီပြင်ကို ပိုမိုချေဖျက်ပေးနိုင်ပြီး အဆီ စုဝေးခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ရာမှာ Cardio လုပ်ခင် အလေးတုံး မ,ပေးသင့်ပါတယ်။
5. လှုပ်လှုပ်ရှားရှား နေပေးပါ။
လေ့ကျင့်ခန်းလုပ်မှရယ်လို့ မဟုတ်ပါဘူး။ နေ့စဉ်ဘဝ လုပ်ကိုင်နေရင်းက ဓာတ်လှေကားအစား လှေကားနဲ့ ခြေကျင်တက်တာ၊ ကားကို ရုံးနဲ့၊ ကျောင်းနဲ့၊ ဈေးနဲ့ ဝေးဝေးမှာရပ်ပြီး လမ်းလျှောက်သွားတာမျိုးတွေ လုပ်ပေးတာကလည်း အကျိုး ရှိစေနိုင်ပါတယ်။ တစ်နေကုန် အထိုင်များသူတွေမှာ ဗိုက်သား အဆီစုလာတတ်တဲ့အတွက် ရုံးမှာလည်း လမ်း ခဏတဖြုတ် ထလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။
6. 3 နာရီခြား တစ်ခါလောက် စားပေးပါ။
တစ်နေ့ကို နည်းနည်းစီနဲ့ 3 နာရီခြား တစ်ခါလောက် စားပေးသင့်တယ်လို့ ဆိုပါတယ်။ 4 နာရီထက် ပိုပြီး ဘာမှမစားတဲ့အခါ Cortisol ဟော်မုန်း ထွက်လာပြီး ပိုစားစေကာ ဝမ်းဗိုက်အဆီ ပိုစုလာစေပါတယ်။
7. ရေများများ သောက်ပါ။
ရေဓာတ် ခန်းခြောက်တဲ့အခါ ခန္ဓာကိုယ်က ရေပြန်ဆွဲတဲ့အတွက် ဖောလာတတ်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းနဲ့ ဗိုက် မအီမသာဖြစ်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။
ရေများများ သောက်ခြငး်ဖြင့် ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး အဆီ လောင်ကျွမ်းစေတဲ့အပြင် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
8. လိမေ္မာ်ရောင်၊ အဝါရောင်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများစားပါ။
အသီးအနှံတွေအားလုံးဟာ လူတိုင်းအတွက် အကျိုးရှိပေမယ့် ကန်စွန်းဥ၊ မုန်လာဥနီနဲ့ သလဲသီးတွေလိုမျိုး အဝါရောင်နဲ့ လိမေ္မာ်ရောင် အသီးအရွက်တွေမှာ lycopene နဲ့ betacarotene ဓာတ်တွေ ပါဝင်တဲ့အတွက် အဆီတွေ နည်းစေတဲ့အပြင် ဗိုက်ပူ၊ ခါးတုတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
9. အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေးမဝတဲ့အခါ နောက်နေ့မှာ အားအင်မပြည့်ဝ၊ မရွှင်လန်းတဲ့အတွက် ခွန်အား ပြန်လည်ပြည့်တင်းစေရန် အစား ပိုစားလာပါတယ်။ အထူးသဖြင့် အချိုများတဲ့ အစားအစာတွေ ပိုစားဖြစ်လာပြီး အဆီ ပိုစုလာနိုင်ပါတယ်။
တစ်နေ့ကို 8 နာရီအပြည့် အိပ်ခြင်းဖြင့် အင်အား ပြည့်ဝစေနိုင်သလို Cortisol ဟော်မုန်းနဲ့ အစား စားချင်စိတ် ဖြစ်စေတဲ့ဟော်မုန်းထွက်နှုန်း နည်းစေပါတယ်။
10. ခန္ဓာကိုယ်ရဲ့ မဂ္ဂနီဆီယမ် လိုအပ်ချက်ကို ဖြည့်တင်းပေးရပါမယ်။
မဂ္ဂနီဆီယမ်ဟာ ကိုယ်ခန္ဓာရဲ့ ဖိစီးမှုတွေကို လျှော့ချပေးတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးတွင်း အင်ဆူလင်နဲ့ အချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်စွမ်း ရှိတာကြောင့် အဆီ စုပုံခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် စိတ်ရော ကိုယ်ရော ကျန်းမာစေနိုင်ပါတယ်။
မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဟင်းနုနွယ်ရွက်လို အစိမ်းရောင်ဟင်းရွက်တွေ၊ ရွှေဖရုံစေ့၊ နှမ်းမည်း၊ ထောပတ်သီး၊ သဖန်းသီး၊ ကတွတ်သီး စတာတွေပဲ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)





























