/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်-အမြဲဆာနေတာ-ဘာလို့များပါလိမ့်

ဗိုက် အမြဲဆာနေတာ ဘာလို့များပါလိမ့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

•        ပထမဆုံးအနေနဲ့ ကိုယ် ဘာစားထားလဲ အရင်စဉ်းစားလို်က်ပါ။ အချိုရည်၊ အာလူးကြော် အဆာပြေစားစရာတွေဟာ ဗိုက်မ၀ဘဲ ပြန်လည်ဆာလောင်စေပါတယ်။ အသား၊ ငါး နဲ့ ပဲအမျိုးမျိုး ထောပတ်သီး အစေ့အဆံတွေဟာ စွမ်းအင်ပြည့်၀စေတာမို့ ဗိုက်ပြည့်တဲ့ခံစားချက်ကို ရရှိစေပါတယ်။

•        စိတ်ညစ်နေရင် ကော်တီဆုန်းဟော်မုန်း ထွက်တဲ့အတွက် ခဏခဏ ဆာလောင်စေပါတယ်။ စိတ်ညစ်ရင် စားတယ်၊ ပျော်လည်း ပျော်ပျော်ကြီး စားကြမယ်။ စိတ်ကောက်လည်း စားမယ်။ ချော့ရင်လည်း မုန့်နဲ့ ချော့ရမယ်။ အပေါင်းအသင်းတွေ ဆုံနေလည်း စားဖြစ်ကြမယ်။ စိတ်အနေအထား အမျိုးမျိုးကြောင့် စားဖို့ ရွေးချယ်သွားကြသူများလည်း မရှားပါဘူး။

•        တစ်ခါတလေ ရေဆာတာနဲ့ ဗိုက်ဆာတာကို မကွဲပြားကြပါဘူး။ သင့်ကိုယ်က ရေဓာတ် လိုအပ်နေတာကို ဗိုက်ဆာနေတယ်ထင်ပြီး စားတတ်တာ ဖြစ်နေတတ်ပါတယ်။

•        အချိုတွေ တနင့်တပိုး စားပြီးရင် ဗိုက် ပြန်ဆာတယ်ဆိုတာ အင်ဆူလင်ထွက်ပြီး သွေးတွင်းအချိုဓာတ်ကို ချပစ်လိုက်လို့ပါ။ သွေးချို ကျသွားတာနဲ့ ဆာတာ ပိုဆိုးလာပါတယ်။

•        ဆီးချိုရောဂါဖြစ်လာရင် မကြာခဏ ဆာပါတယ်။ ဆီးချို ထိုးကျလာရင်လည်း ဆာတတ်ပါတယ်။ စွမ်းအင် လိုအပ်နေတာကို ပြသတာ ဖြစ်ပါတယ်။

•        ကိုယ်၀န်ရှိခါစမှာ အတော်များများက မစားချင်မ၊ သောက်ချင်လောက်အောင် နေမကောင်း၊ ထိုင်မသာ ဖြစ်ကြပေမယ့်  ဗိုက် ခဏခဏဆာပြီး တစ်ချိန်လုံး စားချင်နေတဲ့ ကိုယ်၀န်ဆောင်မမများလည်း ရှိနေတယ်လေ။

•        ပထမတစ်ခါ စားတာ သိပ်မြန်လွန်းတဲ့အခါ မကြာခင် ထပ်ဆာလာတတ်ပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်စနစ််က ဗိုက်၀တဲ့အကြောင်း သတိပြုဖို့ အချိန် သိပ်မြန်လွန်းလို့ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ပြန်ဆာလာတာပေါ့။

•        ကိုယ့်မှာ သိုင်းရွိုက်ဟော်မုန်း လွန်ကဲတဲ့ရောဂါ ရှိနေရင်လည်း စွမ်းအင်ချေဖျက်မှုစနစ် အလွန်အားကောင်းလာတဲ့အတွက် ခဏခဏ ဆာပါတယ်။ စိတ်ကျရောဂါအတွက် သောက်နေတဲ့ဆေးတွေ စတီးရွိုက်ဆေးတွေဟာလည်း ဗိုက်ဆာစေတာပါပဲ။

•        အိပ်ရေးပျက်ပြီး နောက်တစ်ရက်မှာ ဗိုက် အရမ်းဆာနေတတ်တာမျိုး ကြုံဖူးကြမှာပါ။ အိပ်ရေးပျက်ရင် အစားပျက်တတ်သူတွေ ရှိသလို ဟော်မုန်းမညီမျှမှုတွေ ဖြစ်လာတာကြောင့် အလိုလို ဆာနေတတ်သူတွေလည်း ရှိပါတယ်လို့။

          ခဏခဏ ဗိုက်ဆာနေတဲ့ အကြောင်းရင်းလေးတွေကို ကိုယ်တိုင်ရှာဖွေ ဆန်းစစ်နိုင်ဖို့ ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)