ဗီတာမင်ဒီရဲ့အရေးကြီးပုံ
ဗီတာမင်ဒီဟာ ခန္ဓာကိုယ်မှာ အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး အခုခတ်မှာ ဒီအရေးပါတဲ့ ဗီတာမင်ကို လုံလုံလောက်လောက် မရရှိကြဘူး။ ဗီတာမင်ဒီ လုံလောက်၊ မလောက်ကို သိဖို့အတွက် စစ်တဲ့စစ်ဆေးမှုတွေကလည်း ဈေးကြီးကြပါတယ်။
ဗီတာမင်ဒီရဲ့ အဓိကအလုပ်ကတော့ သွေးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စဖရတ်စ်ကို လုံလောက်အောင် ထိန်းသိမ်းပေးတာပါပဲ။ ဗီတာမင်ဒီမရှိရင် ဘယ်လောက်အများကြီးစားစား ကယ်လ်စီယမ်နည်းနည်း၊ ဖော့စဖရပ်စ် တစ်ဝက်စွန်းစွန်းလောက်ကိုပဲ ခန္ဓာကိုယ်က စုပ်ယူနိုင်ပါတယ်။ ဒီလို ကယ်လ်စီယမ်တွေ၊ ဖော့စဖရပ်စ်တွေ မလုံလောက်တဲ့အခါ အရိုးကျိုးလွယ်၊ အက်လွယ်တာပေါ့။
လတ်တလောအချိန်အထိ ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးနဲ့ အရိုးမကျိုးအောင် ကာကွယ်ဖို့ အရေးကြီးတယ်လို့ ယူဆခဲ့ကြတယ်။
>> ဗီတာမင်ဒီရဲ့ အရေးပါပုံတွေကတော့ -
● အရိုးမကျိုးအောင် ကာကွယ်ပေးခြင်း
● သက်ကြီးရွယ်အိုတွေနဲ့ အရိုးပွနေသူတွေမှာ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးခြင်း
● ဆီးချိုမဖြစ်အောင် ကာကွယ်ပေးခြင်း၊
● သွေးတိုး၊ နှလုံးညှစ်အားနည်းရောဂါ စသဖြင့် နှလုံးရောဂါတွေကို ကာကွယ်ပေးခြင်း
● Multiple sclerosis လို့ခေါ်တဲ့ အာရုံကြောရောဂါကို လျော့နည်းစေခြင်း
● စိတ်ခံစားချက်ကို ကောင်းစေခြင်း
● အဆုတ်လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း တို့ ဖြစ်ပါတယ်။
>> ဗီတာမင်ဒီ လုံလောက်အောင်မရခဲ့ရင် -
● အရိုးတွေပျော့ပြီး ကျိုးလွယ်ခြင်း
● ကလေးတွေမှာ အရိုးပျော့ရောဂါ rickets ဖြစ်ပြီး အရိုး ပုံမှန်အတိုင်းမဖွံ့ဖြိုးခြင်း၊ ကြီးထွားနှုန်းနှောင့်နှေးခြင်း၊ ခုခံအားစနစ်မကောင်းခြင်း
● လူကြီးတွေမှာ အရိုးပျော့ရောဂါ osteomalacia ဖြစ်ပြီး အရိုးအားနည်း၊ နာကျင်ခြင်း၊ အရိုးကျိုးခြင်း
● သက်ကြီးရွယ်အိုတွေမှာလည်း အရိုးပွရောဂါဖြစ်ပြီး အရိုးပါးပြီး ကျိုးလွယ်ခြင်းတို့ ဖြစ်ကြပါတယ်။
ဗီတာမင်ဒီ လုံလောက်၊ မလောက်ကို သိဖို့အတွက် စစ်ဆေးရတဲ့ စစ်ဆေးမှုက ဈေးကြီးပါတယ်။ မစစ်ဆေးရင်တော့ ရောဂါလက္ခဏာတွေ ပေါ်လာသည်အထိကို မလုံလောက်မှန်းသိမှာ မဟုတ်ဘူး။
>> ဗီတာမင်ဒီ ဘယ်လောက်လိုသလဲ?
နေရောင်ကောင်းကောင်းမရဘူးဆိုရင် ကလေးရောလူကြီးပါ တစ်နေ့ကို ဗီတာမင်ဒီ ၈၀၀ ကနေ ၁၀၀၀ ယူနစ်လောက် လိုတတ်တယ်။
အထူးသဖြင့် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေမှာဆိုရင် နေရောင်ကောင်းကောင်း မထိတွေ့တာရော၊ ခန္ဓာကိုယ်က ဗီတာမင်ဒီကို ကောင်းကောင်း မစုပ်ယူနိုင်တော့တာကြောင့်ရော တစ်နေ့ကို ဗီတာမင်ဒီ ၂၀၀၀ ထက် ပိုလိုတတ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့နိုင်ခြေရှိသူတွေ၊ ဗီတာမင်ဒီ ချို့တဲ့ပြီးသားသူတွေမှာဆိုရင် ဗီတာမင်ဒီ ပိုတောင်လိုနိုင်တယ်။
>> ဘယ်နေရာကနေ အများဆုံးရနိုင်မလဲ?
ဗီတာမင်ဒီ ရနိုင်မယ့် အကောင်းဆုံးနေရာကတော့ နေရောင်ခြည်ပါပဲ။ အစားအစာတချို့ကပဲ ဗီတာမင်ဒီ ပေးနိုင်စွမ်းရှိတယ်။ အကောင်းဆုံးကတော့ နေရောင်ခြည်ပါပဲ။ ဒါပေမဲ့ နေရောင် အရမ်းထိရင်တော့ အရေပြားကင်ဆာ ဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ နေရောင် ထိတာနည်းတာက ဗီတာမင်ဒီ မလုံလောက်တဲ့ အဓိကအကြောင်းရင်းပါပဲ။
အစားအသောက်ကနေ ဗီတာမင်ဒီရဖို့ ခဲယဉ်းတာတာရယ်၊ နေရောင်လည်း အများကြီး မထိတွေ့ချင်ကြတာရယ်ကြောင့် နေရောင်ကို ခဏတစ်ဖြုတ် ထိတွေ့ပေးပြီး ဗီတာမင်ဒီ ဖြည့်စွက်အားဆေး သောက်ပေးဖို့ လိုပါတယ်။ နေရောင်ကာခရင်မ် မပါဘဲနဲ့ တစ်နေ့ကို နေရောင်နည်းနည်းစီ ထိတွေ့ပေးတာကလည်း မဆိုးပါဘူး။ မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဗီတာမင်ဒီ ဖြည့်စွက်စာကို ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရတယ်။ တချို့အားဆေးတွေကတော့ ဆရာဝန်ဆေးစာနဲ့မှ ဝယ်လု့ိရပြီး ဗီတာမင်ဒီ ချို့တဲ့နေတဲ့သူတွေမှာ ပေးလု့ိရတယ်။
တစ်နေ့ကို ၂ ကြိမ်လောက် ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် နေရောင်ခံပေးရင်ကို ဗီတာမင်ဒီ လုံလောက်နိုင်တယ်။ ဒါပေမဲ့ နေရောင်ကာခရင်မ် လိမ်းထားရင်တော့ ဗီတာမင်ဒီစုပ်ယူမှုကို ဟန့်တားနိုင်တယ်နေ်ာ။
အအေးပိုင်းနိုင်ငံတွေမှာဆိုရင် ဆောင်းရာသီနေဟာ ဗီတာမင်ဒီ လုံလောက်အောင် မပါဘူး။ မြို့ကြီးပြကြီးမှာလည်း လေထုညစ်ညမ်းမှုကြောင့် ဗီတာမင်ဒီ မလုံလောက်တာမျိုး ဖြစ်နိုင်တယ်။
>> ဗီတာမင်ဒီ ရရှိနိုင်တဲ့ အစားအစာများ
ဗီတာမင်ဒီ ပါဝင်တဲ့အစားအသောက်တွေက နည်းပါတယ်။ တချို့အစားအသောက်တွေမှာဆို ဗီတာမင်ဒီ ထပ်ဖြည့်စွက်ပြီး ထုတ်လုပ်ထားတာမျိုး ရှိတယ်။ အများဆုံးရရှိနိုင်တဲ့ အစားအသောက်တွေကတော့ -
● ငါးကြီးဆီ
● ချက်ပြုတ်ပြီးသား ဆယ်လ်မွန်ငါး
● ချက်ပြုတ်ပြီးသား မက်ကရယ်ငါး
● ဆာဒင်းငါး (ဆီစိမ်၊ ရေထုတ်ပြီးသား)
● တူနာငါး (ဆီစိမ်ထား)
● နို့ (အဆီထုတ်၊ အဆီနည်း၊ အဆီပြည့်)
● ဗီတာမင်ဒီ ဖြည့်စွက်ထားသော မာဂျရင်းထောပတ်တု
● ဥ
● အသည်း
● အမဲသား (ချက်ပြုတ်ပြီး)
● ဆွိစ်ချိစ်
>> ဘယ်လိုလူတွေ ဗီတာမင်ဒီ ချိုတဲ့နိုင်သလဲ?
● အမေ့နို့စို့တဲ့ ဒါမှမဟုတ် ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ ဖော်မြူလာနို့ တစ်နေ့ ၂ ခွက်အောက်သာ သောက်ရတဲ့ မွေးကင်းစတွေ
● အသားမည်းသူတွေ (အသားဖြူသူတွေလောက် ဗီတာမင်ဒီ မစုပ်ယူနိုင်ပါဘူး)
● နေရောင်ကောင်းကောင်းမရသူတွေ
● နေရောင်ကာခရင်မ် အများကြီးလိမ်းသူတွေ
● အသက်ကြီးသူတွေ (အသက်ငယ်သူတွေထက်စာရင် ဗီတာမင်ဒီ စုပ်ယူမှု လျော့နည်းတယ်)
● အဝလွန်နေသူတွေ
● အဆီစုပ်ယူမှုနည်းတဲ့ Cystic fibrosis အဆုတ်လမ်းကြောင်းရောဂါ၊ coeliac disease ဂလူတန်အချိုဓာတ် မစုပ်ယူနိုင်တဲ့ရောဂါ၊ ပန်ကရိယမုန့်ချိုအိတ်ရောင်ရောဂါ စသဖြင့် ရောဂါရှိသူတွေ
● အသည်းနဲ့ကျောက်ကပ်ရောဂါရှိသူတွေ
● မြောက်ပိုင်းနိုင်ငံတွေ၊ ဆောင်းတွင်းမှာ နေထိုင်သူတွေ
● အတက်ကျဆေးတွေ၊ စတီးရွိုက်ဆေးတွေ သောက်နေရသူတွေ စတဲ့လူတွေမှာ ဗီတာမင်ဒီ ပိုချို့တဲ့နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























