ဘယ်လိုလူတွေ အရိုးသိပ်သည်းဆ စစ်သင့်ပါသလဲ?
အခုတလော အထူးကုဆေးခန်းတွေမှာ အရိုးသိပ်သည်းဆ စစ်ဆေးတာတွေ အရိုးပွ၊ မပွ စစ်တာတွေ ခေတ်စားလာတော့ ဒါလေးဖတ်ကြည့်ပြီး ကိုယ်လည်း စစ်သင့်၊ မစစ်သင့် တွေးတောချင့်ချိန်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ််။
ဘယ်လိုလူတွေ အရိုးသိပ်သည်းဆ လျော့နည်းနေတတ်သလဲ ကြည့်ရအောင် ...။
● အသက် 45 နှစ်အောက် သွေးဆုံးစောသူအမျိုးသမီးများ (အကြောင်းတစ်ခုခုကြောင့် သားဥအိမ် ထုတ်ထားရသူ၊ ကင်ဆာကြောင့် ဓာတ်ကင်နေရသူတွေ)
● ရာသီမလာတာ တစ်နှစ်ကျော်ကြာသူတွေ ( နောက်ခံအကြောင်းရင်း တစ်ခုခုကြောင့်)
● မွေးရာပါ ဟော်မုန်း လျော့နည်းရောဂါတွေ ခံစားနေရသူ
● စတီးရွိုက်ဆေးဝါးတွေ 6 လနဲ့အထက် ရေရှည်သောက်သုံးနေရသူတွေ
● မိသားစုထဲမှာ အရိုးပွပြီး ကျိုးထားဖူးသူတွေ ရှိတဲ့အခါ
● ပိန်ပါးသူ
● အစားနည်းသူ ရေရှည်အစားအသောက်ပျက်နေသူ
● ယခင်က အရိုးကျိုးဖူးထားသူ
● အာရှနွယ်ဖွား ( ဥပမာ - တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်)
● ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်သူ
● အစားအသောက်နည်းပြီး လိုအပ်တဲ့အာဟာရဓာတ်တွေ မပြည့်၀ဘူးလို့ထင်ရင်
● ဆေးလိပ်စွဲနေသူ
● အရက် အလွန်အကျွံ သောက်သုံးသူတွေ
ကိုယ်က အဲဒီဖော်ပြပါ အုပ်စုတွေထဲပါနေရင် အနှေးနဲ့အမြန် ပြေးသာ စစ်လိုက်ပါတော့။ အသက် 65 ကျော် အမျိုးသမီးတိုင်းကတော့ စစ်ကို စစ်ရပါမယ်။ နောက်ကျမှ အရိုးကျိုးမှ သိမယ့်အစား စောစောသိပြီး ကုသလိုက်နိုင်တော့ မကောင်းဘူးလား။ ဖြည့်စွက်ဆေးဝါးတွေအပြင် နေထိုင်စားသောက် ပြုပြင်တဲ့နည်းလမ်းတွေကို ဆရာ၀န်နဲ့ တိုင်ပင်ပြီး အရိုးပွတာ ဆိုးမသွားအောင် တားဆီးကြရအောင်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























