/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်သူတွေ-သံဓာတ်အားဆေး-သောက်သင့်သလဲ

ဘယ်သူတွေ သံဓာတ်အားဆေး သောက်သင့်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သံဓာတ်ဆိုတာက ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့သတ္တုဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းမှာ သံဓာတ်ပါဝင်ပေမယ့် အများစုကတော့ သွေးနီဥထဲမှာ ရှိပါတယ်။ သွေးနီဆဲလ်တွေက အောက်ဆီဂျင်တွေကို အဆုတ်ကနေပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အင်္ဂါတွေနဲ့ တစ်သျှူးတွေဆီကို သယ်ယူပို့ဆောင်ပေးပါတယ်။
သံဓာတ်က အာဟာရဓာတ်တွေကနေပြီးတော့ စွမ်းအင်တွေထုတ်လုပ်ဖို့၊ အာရုံကြောလှုံ့ဆော်မှုတွေ လုပ်ဖို့အတွက် အရေးပါပါတယ်။ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ပမာဏထက်ပိုနေရင် ပိုနေတဲ့သံဓာတ်တွေကို နောက်ပိုင်း ပြန်အသုံးပြုဖို့အတွက် သိုလှောင်ထားပါတယ်။

>>  သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ
သွေးနီဆဲလ်တွေထဲမှာ သံဓာတ် အလုံအလောက်မရှိရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။

သွေးအားနည်းတဲ့လက္ခဏာတွေကတော့ -
●  ပင်ပန်းနွမ်းနယ်ခြင်း
●  အားနည်းခြင်း
●  မူးဝေထိုင်းမှိုင်းခြင်း
●  အာရုံစူးစိုက်ရခက်ခြင်း

သွေးအားနည်းရောဂါ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ -
●  ရာသီလာခြင်း - အထူးသဖြင့် ရာသီလာတဲ့ရက် အရမ်းရှည်တာ၊ သွေးအရမ်းဆင်းတာတွေဖြစ်ရင်
●  အစာအိမ်အနာ
●  အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ
●  ထိခိုက်ဒဏ်ရာ (သို့) သွေးလှူရာမှ သွေးဆုံးရှုံးခြင်း
●  Aspirin (သွေးကျဲဆေး), ibuprofen (အကိုက်အခဲပျောက်ဆေး) စတဲ့ ဆေးတွေကို ရေရှည်စွဲသောက်လို့ အစာအိမ်အူလမ်းကြောင်း သွေးယိုစီးခြင်း

>>  ကိုယ်ဝန်ဆောင်မိခင်နဲ့ သံဓာတ်ချို့တဲ့သွေးအားနည်းခြင်း
ကိုယ်ဝန်ဆောင်မဟုတ်တဲ့၊ ကလေးနို့မတိုက်နေတဲ့ အမျိုးသမီးတစ်ယောက်မှာ တစ်နေ့ကို သံဓာတ် 15-18mg လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ဒီထက် ပိုပြီးလိုအပ်ပါတယ်။ National Institutes of Health ရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ တစ်နေ့ကို အစားအစာကနေပြီးတော့ သံဓာတ် 27mg လောက်စားဖို့ အကြံပြုထားပါတယ်။
ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကို သံဓာတ် လိုအပ်သလောက် စားမနေဘူးလို့ ထင်လို့ဆိုပြီးတော့ အားဆေးတွေကို ၂ ဆ ပိုသောက်တာမျိုး မလုပ်ပါနဲ့။ ဒါက တခြားဗီတာမင်တွေ အရမ်းများသွားပြီးတော့ ကလေးကို ထိခိုက်မိစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်တာကိုပဲသောက်ဖို့ လိုပါတယ်။

>>  တစ်နှစ်အောက်ကလေးငယ်များ
သန္ဓေသားလေးတွေက မိခင်ရဲ့ဗိုက်ထဲမှာရှိနေချိန်မှာ မိခင်ဆီက ပိုနေတဲ့သံဓာတ်တွေကို သိုလှောင်ထားပါတယ်။ ဒီသိုလှောင်ထားတဲ့သံဓာတ်တွေကို မိခင်နို့ပဲ စို့ရတဲ့ ပထမ ၆ လမှာ ပြန်သုံးပါတယ်။ ကလေး အသက် ၆ လ ပြည့်ပြီဆိုရင်တော့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ကလေးကို ထည့်ကျွေးပေးသင့်ပါတယ်။

>>  ရာသီလာနေချိန်
ရာသီလာတဲ့အခါမှာ သံဓာတ်သိုလှောင်ထားတာတွေ ကုန်သွားပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် သွေးအားနည်းရောဂါ ပိုဖြစ်တဲ့နှုန်းများတာပါ။ တချို့သုတေသနတွေအရတော့ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေက လူမျိုးနဲ့လည်းဆိုင်ပါတယ်တဲ့။

>>  လေ့ကျင့်ခန်းလုပ်လား
အမျိုးသမီးအားကစားသမားတွေက သံဓာတ်ချို့တဲ့နိုင်ချေ ပိုများပါတယ်တဲ့။ ဒီတော့ ကိုယ်က အရမ်းလှုပ်ရှားမှုများပြီးတော့ သွေးအားနည်းသလို လက္ခဏာတွေလည်း ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

>>  သွေးဆုံးရှုံးမှု ပုံမှန်ရှိနေခြင်း
သွေးဆုံးရှုံးမှုများတဲ့သူတွေမှာ သံဓာတ် ပိုသောက်ဖို့လိုပါတယ်။ သွေးပုံမှန်လှူတဲ့သူတွေနဲ့ ကင်ဆာ (သို့) အနာရှိလို့ အစာအိမ်နဲ့အူလမ်းကြောင်း သွေးထွက်မှုရှိတဲ့သူတွေမှာ သွေးအားနည်းနိုင်ချေ များပါတယ်။ ကိုယ့်မှာ အမြဲတမ်း သံဓာတ်အားနည်းနေတယ်ဆိုရင်တော့ သွေးပုံမှန် မလှူသင့်ပါဘူး။

>>  ကျောက်ကပ်ဆေးနေရခြင်း
ကျောက်ကပ်ဆေးနေရတဲ့ လူအများစုမှာလည်း သံဓာတ် ပိုပြီးလိုအပ်ပပါတယ်။ ကျောက်ကပ်တွေက သွေးနီဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လှုံ့ဆော်ပေးတဲ့ erythropoietin ဟော်မုန်းထုတ်တာနဲ့ ဆိုင်တဲ့အတွက်ကြောင့် ကျောက်ကပ် ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးအားနည်းတတ်ပါတယ်။
ကျောက်ကပ်ဆေးတဲ့အချိန်အတွင်းမှာ သွေးအနည်းငယ် ဆုံးရှုံးနိုင်ပါတယ်။ ပြီးတော့ ဒီအချိန်မှာ စားရတဲ့အစားအစာတွေကလည်း သံဓာတ်ကို ကန့်သတ်ထားပါတယ်။ ကျောက်ကပ်ဆေးတဲ့အချိန်မှာ သောက်ရတဲ့ဆေးအချို့က သံဓာတ်တွေကို အသုံးပြုသွားနိုင်သလို သံဓာတ်စုပ်ယူမှုကိုလည်း နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ဆေးနေတဲ့လူတွေအနေနဲ့ သံဓာတ်ကို ထိန်းထားနိုင်ဖို့ ဘာတွေလုပ်ဖို့လိုတယ်ဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။

>>  သံဓာတ်စုပ်ယူမှုကို နှောင့်ယှက်သောဆေးများ
တချို့ဆေးတွေက သံဓာတ်စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။ ဒီဆေးတွေကတော့ -
●  Quinolones (ငှက်ဖျားဆေး)
●  Tetracycline (ပိုးသတ်ဆေး)
●  Ranitidine, omeprazole (အစာအိမ်ဆေးများ)
●  သွေးတိုးကျဆေးတစ်မျိုးဖြစ်တဲ့ ACEI
●  Colestipol, cholestyramine
လက်ရှိ ကိုယ်စွဲပြီးသောက်နေတဲ့ ဆေးတစ်မျိုးမျိုးကြောင့် သွေးအားနည်းတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ကိုယ်တော့ ဆေးသောက်တာကို မရပ်လိုက်ပါနဲ့။

>>  မှတ်သားသင့်သည့်အချက်များ
လူအများစုကတော့ သံဓာတ်အားဆေးတောင့်လေးတွေကို ကောင်းကောင်းတုန့်ပြန်မှုရှိပြီးတော့ တချို့သော သံဓာတ်အရမ်းအားနည်းနေတဲ့သူတွေအနေနဲ့တော့ ထိုးဆေး အသုံးပြုဖို့ လိုပါတယ်။
သံဓာတ်အားဆေးသောက်တယ်ဆိုရင် ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာ သောက်သင့်ပါတယ်။ အစာတွေက သံဓာတ်စုပ်ယူမှုကို လျော့ကျစေပါတယ်။ သံဓာတ်အားဆေးကို ဗီတာမင်စီပါတဲ့ အစားအစာတွေနဲ့ တွဲပြီးသောက်ရင်တော့ စုပ်ယူမှုပိုကောင်းပါတယ်။
ပြီးတော့ ဆရာဝန် ညွှန်ကြားသလောက်ပဲ သောက်ပါ။ သံဓာတ် အရမ်းများလွန်းရင်လည်း အထူးသဖြင့် ကလေးတွေမှာဆိုရင် အဆိပ်သင့်နိုင်ပါတယ်။ ပြီးတော့ သံဓာတ်အားဆေးကို ဘယ်လောက်ကြာကြာ စွဲသောက်ရမယ်ဆိုတာကိုလည်း ဆရာဝန်ကို သေချာမေးပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)