/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်အချိန်မှာ-သွေးကျဆေး-သောက်ဖို့လိုမလဲ

ဘယ်အချိန်မှာ သွေးကျဆေး သောက်ဖို့လိုမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ဆေးခန်းသွားရင် ဆရာဝန်က သွေးပေါင်ဘောလုံးလေးကို ညှစ်တင်ပြီး လက်မောင်းကို ညှစ်ထားတယ်။ ပြီးရင် လေကို လျော့လိုက်ပြီး တံတောင်ဆစ်ကွေးမှာ နားကြပ်နဲ့ နားထောင်တယ်။ ပြီးရင် သွေးပေါင် အပေါ်သွေး ဘယ်လောက် အောက်သွေး ဘယ်လောက်ဆိုတာ ပြောတယ်။ အပေါ်သွေး အောက်သွေးဆိုတာ ဘာတွေလဲ? သွေးပေါင်ဆိုတာ ဘာလဲ? ဘာလို့ အရေးကြီးတာလဲ?

>>    သွေးပေါင်တိုင်းတဲ့အခါ ...
    သွေးးပေါင်တိုင်းမယ်ဆိုရင် ဆရာဝန်၊ ဆရာမတွေက လက်မောင်းမှာလက်ပတ်ပတ်ပြီး ဖောင်းလိုက်တဲ့အခါ ပခုံးကနေ တံတောင်ဆစ်ဆီသွားတဲ့ သွေးကြောရဲ့သွေးစီးနှုန်းကို ရပ်လိုက်ပါတယ်။
    တဖြည်းဖြည်းချင်း ဖိအားကို လျော့လိုက်တဲ့အခါ သွေးပြန်ကြောထဲကို သွေးတွေ ပြန်ဝင်လာတော့တာပေါ့။ ဒီသွေးစီးနှုန်းကို နားကြပ်နဲ့ နားထောင်ပြီးတော့ သွေးပေါင်ဒိုင်ခွက်ကို ကြည့်ရပါတယ်။ ဒီဒိုင်ခွက်မှာ သွေးပြန်ကြောထဲက သွေးအားကို မီလီမီတာ မာကျူရီ (mmHG) နဲ့ ပြထားပါတယ်။
    သွေးပေါင်တိုင်းတဲ့အခါ နံပါတ် ၂ ခုနဲ့ ပြောပါတယ်။ အပေါ်သွေးကတော့ နှလုံးက ညှစ်ထုတ်လိုက်ချိန် သွေးလွှတ်ကြောထဲက သွေးအားကို ညွှန်ပြပြီးတော့ နားကြပ်နဲ့နားထောင်တဲ့အခါ ပထမဆုံး ဒုတ်ခနဲကြားရတဲ့ အချိန်ကို ဆိုလိုပါတယ်။
    အောက်သွေးဆိုတာ နှလုံးခုန်ချိန် တစ်ခုနဲ့တစ်ခုကြား နှလုံးထဲသွေးဖြည့်နိုင်အောင် သွေးလွှတ်ကြောတွေ ပြေလျော့ပေးထားရတဲ့ ဖိအားကိုညွှန်ပြပါတယ်။ သွေးခုန်သံ နားထောင်မရအောင် တိုးသွားချိန်ကို ဆိုလိုပါတယ်။
    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွေးပေါင်ချိန်ဆိုတာ အပေါ်သွေး ၁၂၀ အောက်၊ အောက်သွေး ၈၀ အောက်ကို ဆိုလိုပါတယ်။ ၁၂၀/၈၀ စသဖြင့် ဖော်ပြနိုင်ပါတယ်။

>>    သွေးပေါင်တက်တယ်လို့ ဘယ်အချိန်မှာ ဆိုလိုမလဲ?
    အဆင့်အမျိုးမျိုး ခွဲထားပါတယ်။

၁။    သွေးတိုးလုဆဲဆဲအခြေအနေ
    အပေါ်သွေးက ၁၂၀ နဲ့ ၁၂၉ ကြား၊ အောက်သွေး ၈၀ အထက်ဆိုရင် သွေးတိုးလုဆဲဆဲ အခြေအနေလိူ့ ဆိုနိုင်ပါတယ်။ ပုံမှန်သွေးပေါင်ချိန်ထက် များနေပေမယ့် သွေးတိုးနေတယ် ဆိုရလောက်အောင်လည်း မတက်တဲ့အနေအထားပေါ့။ သွေးတိုးကျဆေးတွေ သောက်စရာတော့ မလိုသေးပေမယ့် သွေးတိုးရောဂါ ဖြစ်သွားနိုင်တာမို့ ကိုယ်အလေးချိန် လျှော့ချတာ၊ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆားလျှော့စားတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ စသဖြင့် လူနေမှုပုံစံတွေ ပြောင်းလဲဖို့ လိုပါတယ်။

၂။    သွေးတိုးအဆင့် - ၁
    ၂ ခါဆက်တိုက် တိုင်းတာ အပေါ်သွေး ၁၃၀ နဲ့ ၁၃၉ ကြား၊ အောက်သွေး ၈၀ နဲ့ ၈၉ ကြားဖြစ်နေပြီဆိုရင် အဆင့် ၁ သွေးတိုးရောဂါလို့ ဆိုနိုင်ပါတယ်။ ဒီအဆင့်မှာ ဆေးစသောက်ရပါတော့မယ်။

၃။    သွေးတိုးအဆင့် - ၂
    အပေါ်သွေး ၁၄၀ အထက်နဲ့ အောက်သွေး ၉၀ အထက်ရှိနေရင် သွေးတိုးအဆင့် ၂ လို့ ဆိုနိုင်ပါတယ်။ ဆေးသောက်ဖို့ လိုပါတယ်။

၄။    အရေးကြီးအဆင့် သွေးတိုး
    အပေါ်သွေး ၁၈၀ နဲ့အထက် အောက်သွေး ၁၂၀ နဲ့အထက် ဖြစ်နေပြီဆိုရင် အရေးကြီးအဆင့် သွေးတိုးလို့ ဆိုနိုင်ပါတယ်။ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်လာနိုင်သလို တခြားအရေးပေါ်အခြေအနေတွေလည်း ဖြစ်နိုင်တာမို့ အရေးပေါ်ကို သွားဖို့လိုပါပြီ။

>>    သွေးတိုးနေတာ တကယ်ပဲလား?
    တချို့တွေမှာ ဆရာဝန်ကြောက်ရောဂါဆိုတာ ရှိတတ်ကြပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ စိတ်လှုပ်ရှားမှုကြောင့်  သွေးတိုးနေတာမျိုးလည်း ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဆရာဝန်ပြချိန်မှာ ခါတိုင်းထက်ကို သက်သောင့်သက်သာရှိလွန်းလို့ သွေးပေါင်တွေ ကျနေတတ်ကြပြန်ပါတယ်။
    ဒါကြောင့် ဆေးခန်းမှာတိုင်းတာ တကယ်အမှန် ဟုတ်၊ မဟုတ် မသေချာခဲ့ရင် အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးဆိုင်မှာပဲဖြစ်ဖြစ် တိုင်းတာကြည့်သင့်ပါတယ်။ ၂၄ နာရီဝတ်ထားရတဲ့ သွေပေါင်ချိန်စက်မျိုးလည်း တပ်ကြည့်လို့ရပါတယ်။ ပိုပြီးတိကျတဲ့အဖြေရဖို့ ၂၄ နာရီအတွင်း အကြိမ်ကြိမ် တိုင်းတာပေးနိုင်တဲ့ သွေးပေါင်ချိန်စက်မျိုးပေါ့။
    လူတွေအတွက် တစ်နေ့တာလုံး သွေးပေါင်ချိန်ဟာ မတူညီနိုင်ပါဘူး။ မနက်ပိုင်းမှာ သွေးပေါင်တက်နေလေ့ ရှိတယ်ဆိုပေမယ့် လေ့ကျင့်ခန်းတွေ၊ အစားအသောက်တွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ကဖိန်းနဲ့ တခြားစိတ်လှုပ်ရှားစေတဲ့အရာတွေပေါ် မူတည်ပြီး သွေးပေါင်အတက်အကျ ရှိနိုင်ပါတယ်။ ဒါကြောင့် ၂၄ နာရီတိုင်းတာခြင်းက ပိုပြီးတိကျတာပေါ့။
    အသက် ၂၀ အထက် ၁၂၀/၈၀အောက် ပုံမှန်သွေးပေါင်ချိန်ရှိသူတွေအဖို့ ၂ နှစ်တစ်ခါ သွေးပေါင်ချိန်တိုင်းတာဖို့ လိုအပ်ပါတယ်။ ဒီထက်ပိုတက်နေရင် ဒီ့ထက်ပိုပြီး တိုင်းတာဖို့ လိုအပ်တာပေါ့။

Dr. Mya Phoo Ngon (www.drmyanmar.com)