ဘာကြောင့် ခေါင်းမူးရတာလဲ
မူးဝေတယ်ဆိုတာ ခန္ဓာကိုယ်ဟန်ချက်ကို သေချာမထိန်းနိုင်လို့ ဖြစ်ရတာပါ။ ဟန်ချက်ထိန်းဖို့ဆိုရင် ဦးနှောက်၊ မျက်လုံး၊ နားအတွင်းပိုင်း၊ အာရုံကြောများစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ ပူပေါင်းပြီးတော့ အလုပ်လုပ်ရပါတယ်။ ဒီအစိတ်အပိုင်းတွေမှာ တစ်ခုခုချို့ယွင်းနေလို့ ခေါင်းမူးရတာပါ။
>> ခေါင်းမူးစေတဲ့အကြောင်းတွေကတော့ အများကြီးရှိပါတယ်။
● Vertigo
ချာချာလည်အောင် မူးနေတာ၊ ကိုယ့်ဘေးမှာ အခန်းလည်နေသလို ဖြစ်တာကို ခံစားဖူးကြမှာပါ။ ဒီလိုမူးတာကို Vertigo လို့ခေါ်ပါတယ်။ နားအတွင်းပိုင်းနဲ့ ဦးနှောက်အညှာမှာ ပြဿနာရှိနေတာပါ။ အဖြစ်အများဆုံးကတော့ နားအတွင်းပိုင်းကနေ ဦးနှောက်ဆီကို အချက်အလက်ပို့ရာမှာ မမှန်လို့ မူးဝေရတာပါ။ အသက်ကြီးလာတဲ့အခါ ဆဲလ်တွေပျက်စီးခြင်းကြောင့် ဖြစ်တတ်သလို ခေါင်းကိုထိခိုက်မိရင်လည်း Vertigo ရတတ်ပါတယ်။ Meniere's ရောဂါကြောင့်လည်ူ Vertigo ရသလို နားအတွင်းပိုင်းအကျိတ်နဲ့ ဦးနှောက်အကျိတ်တွေရှိနေခဲ့ရင်လည်း Vertigo ရတတ်ပါတယ်။
● ရောဂါပိုး ဝင်ရောက်ခြင်း
နားပြည်ယိုခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ့ ရောဂါတွေမှာ နားအတွင်းပိုင်းမှာရှိတဲ့ အာရုံကြောတွေ ရောင်ရမ်းမှုကြောင့် ခေါင်းမူးတတ်ပါတယ်။ ဒီလိုရောဂါတွေမှာတော့ ခေါင်းမူးတာအပြင် အဖျားလည်း ရှိပါတယ်။
● Meniere's ရောဂါ
ဒီရောဂါရှိတဲ့သူတွေမှာဆိုရင် သူတို့ရဲ့ နားအတွင်းပိုင်းမှာ အရည်တွေနဲ့ပြည့်နေတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူး။ ဒီရောဂါမှာဆို နာရီတော်တော်ကြာအောင် ခေါင်းမူးတတ်ပါတယ်။ နားတစ်ဖက်မှာ လေပြည့်နေသလို ခံစားရပြီး တစ်ခါတလေ နားအူတာ၊ နားမကြားတာနဲ့ ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။
● သွေးလှည့်ပတ်မှု မကောင်းခြင်း
နှလုံးညှစ်အားကျခြင်း၊ နှလုံးခုန်မမှန်ခြင်းနဲ့ သွေးခဲပိတ်တာတွေကြောင့် သွေးလှည့်ပတ်မှုမကောင်းတာ ဖြစ်နိုင်ပါတယ်။ သွေးလှည့်ပတ်မှုမကောင်းရင် ဦးနှောက်ကို သွေးရောက်တာနည်းပြီး လုံလောက်တဲ့ အောက်ဆီဂျင် မရလို့ ခေါင်းမူးရတာပါ။
● ဆေးရဲ့ဘေးထွက်ဆိုးကျိုးများ
Gentamicin, Streptomycin စတဲ့ ပိုးသတ်ဆေးများ၊ စိတ်ဓာတ်ကျရောဂါအတွက် သောက်နေရတဲ့ဆေးများ၊ အတက်ကျဆေးများ၊ အိပ်ဆေးများ၊ သွေးကျဆေးများ စတဲ့ဆေးတွေသောက်နေရရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူးတတ်ပါတယ်။
● ရေဓာတ်ခန်းခြောက်ခြင်း
ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးပေါင်ကျတတ်လို့ ဦးနှောက်အတွက် လုံလောက်တဲ့ အောက်ဆီဂျင်မရတော့ဘဲ ခေါင်းမူးရတာပါ။
● သွေးတွင်းသကြားဓာတ်နည်းခြင်း
ဆီးချိုဝေဒနာရှင်တွေမှာ အတွေ့များပါတယ်။ ဆီးချိုတက်မှာကြောက်ပြီး အစာမစားရာကနေ သကြားဓာတ်ကျပြီး ခေါင်းမူးရတာပါ။ ခေါင်းမူးတာအပြင် ဗိုက်ဆာခြင်း၊ ချွေးစေးပြန်ခြင်း၊ လက်တုန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေလည်း ဖြစ်တတ်ပါတယ်။
● တခြားအကြောင်းရင်းများ
တစ်ခါတရံ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာ ခေါင်းကိုက်တာကို မခံစားရဘဲ ခေါင်းမူးတာဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ အာရုံကြောရောဂါများ၊ ဦးနှောက်အကျိတ်နဲ့ နားအတွင်းမှာ အလုံးအကျိတ်တွေ ရှိနေရင်လည်း ခေါင်းမူးနိုင်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်သလဲ?
ခေါင်းမူးတာတစ်ခုတည်းမဟုတ်ဘဲ အပေါ်မှာပြောခဲ့တဲ့ ရောဂါလက္ခဏာတစ်ခုခုပါ ရှိနေရင်၊ အချိန်အကြာကြီး ခေါင်းမူးနေရင်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့တဲ့အထိ အရမ်းခေါင်းမူးနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ခေါင်းမူးစေတဲ့ အကြောင်းရင်းကိုရှာကာ ကုသမှုခံယူသင့်ပါတယ်။
>> ဘယ်အချိန်မှာ အရေးပေါ်ဆေးကုသမှု ခံယူသင့်သလဲ?
ခေါင်းမူးပြီးနောက် မေ့လဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ တက်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ မောခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ ပျို့အန်ခြင်း၊ မျက်နှာကြွက်သားများ အားနည်းခြင်း၊ မျက်နှာထုံခြင်း၊ ခြေလက်များအားနည်းခြင်း စတာတွေ ရှိလာခဲ့ရင်တော့ ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)





























