/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာကြောင့်-တချို့သူတွေ-ခြင်ပိုကိုက်ခံရတာလဲ

ဘာကြောင့် တချို့သူတွေ ခြင်ပိုကိုက်ခံရတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦ ဘာကြောင့်ခြင်ကိုက်တာလဲ

          ခြင်မတွေသာကိုက်လေ့ရှိပြီး အမိုင်နိုအက်ဆစ်ထုတ်ဖို့မရှိမဖြစ်လိုအပ်တဲ့ isoleucine ရှာဖွေဖို့အတွက် ကိုက်ခြင်းဖြစ်ပါတယ်။ ၄င်းအမိုင်နိုအက်ဆစ်ဟာ လူသားတွေနဲ့ ခြင်တွေအတွက် အရေးပါတဲ့ပရိုတင်းဓာတ်ဖြစ်ပြီး ခြင်မတွေမှာဆိုရင် ဥအောင်ဖို့အတွက် ဒီပရိုတင်းဓာတ် လိုအပ်ပါတယ်။ ဒါကြောင့် အမိုင်နိုအက်ဆစ်ကိုထုတ်ပေးနိုင်တဲ့ဲ့ isoleucine ဟာ ခြင်မတွေအတွက် အင်မတန်မှအရေးကြီးပြီး ၄င်းဓာတ်ရနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်က သွေးကြောတွေ ဖြစ်ပါတယ်။  

 

♦ ခြင်ပိုကိုက်ခံရသောအကြောင်းရင်း

 

1. အ၀တ်အစား

ခြင်တွေဟာ ၄င်းတို့ကိုက်မယ့်သူကို မျက်လုံးအားအသုံးပြုပြီး ရှာဖွေပါတယ်။ ခြင်ဆိုတဲ့ သွေးစုပ်ကောင်တွေဟာ အမှောင်ကိုကြိုက်တာ သဘာ၀ဖြစ်တဲ့အတွက် အနက်ရောင်အ၀တ်အစား၀တ်ထားသူကို ပိုကိုက်တတ်တာမဆန်းပေမယ့် အပြာရင့်ရောင်၊ အနီရောင်တွေဟာလည်း ၄င်းတို့မျက်စိကျတဲ့အရောင်တွေဖြစ်ပြီး ဒီလိုအရောင်အသွေးရှိတဲ့ အ၀တ်အစား၀တ်ဆင်ထားသူကို ပိုကိုက်လေ့ရှိပါတယ်။

 

2. သွေးအမျိုးအစား

          ခြင်ထီးရော ခြင်မပါ ပန်း၀တ်ရည်ကို အာဟာရပြုပြီး အသက်ရှင်နေထိုင်ကြတယ်ဆိုပေမယ့် ခြင်မတွေကတော့ သွေးထဲမှ ပရိုတင်းဓာတ်ကိုပါ ဥဥနိုင်ဖို့အတွက် အာဟာရပြုကြရပါတယ်။ လေ့လာမှုတွေအရ O သွေးပိုင်ရှင်တွေက ခြင်ကိုက်အခံရဆုံးဖြစ်ပြီး၊ ဒုတိယအနေနဲ့ A သွေး၊ တတိယအနေနဲ့ B သွေး၊ စတုတၳအနေနဲ့ AB သွေးတို့ ဖြစ်ကြောင်း သိရပါတယ်။

 

3. ကာဗွန်ဒိုင်အောက်ဆိုဒ်

          ခြင်တွေဟာကာဗွန်ဒိုင်အောက်ဆိုဒ်နံ့ကို ပေ 160 အေ၀းလောက်ကနေ အနံ့ခံနိုင်စွမ်းရှိပါတယ်။ လူတွေရဲ့ နှာခေါင်း၊ ပါးစပ်မှတဆင့်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့ကိုရကာ တ၀ီ၀ီနဲ့ အနားကို၀ဲပျံလာကြတာပဲ ဖြစ်ပါတယ်။

 

4. ခန္ဓာကိုယ်အပူချိန်နှင့် ချေွး

          ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့အပြင် လက်တစ်အက်ဆစ်၊ ယူရစ်အက်ဆစ်၊ အမိုးနီးယားနဲ့ ချေွးထဲမှာပါတဲ့ အခြားသောဒြပ်ပေါင်းတွေကိုလည်း အနံ့ခံနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်အနွေးဓာတ်ပိုသူ၊ ချေွးထွက်သန်သူတွေက ၄င်းတို့ပစ်မှတ်ထားတဲ့ သားကောင်သဖွယ် ဖြစ်နေတော့တာပါ။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်သူတွေမှာ ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး လက်တစ်အက်ဆစ်ဓာတ် စုပုံနေတတ်ပါတယ်။ နောက်ပြီး တချို့သူတွေမှာ မျိုးဗီဇကိုက ယူရစ်အက်ဆစ်ဓာတ်များတဲ့ ဗီဇဖြစ်တဲ့အတွက် ခြင်ပိုကိုက်ခံရလေ့ရှိတတ်ပါတယ်။

 

5. အရေပြားအမျိုးအစား

          ခြင်တွေကို ဆွဲဆောင်နိုင်အားက လူတစ်ယောက်ရဲ့ အရေပြားမှာရှိတဲ့ ဘက်တီးရီးယားအမျိုးအစားနဲ့ ပမာဏအပေါ်မှာလည်း မူတည်ပါတယ်။ ဒီလို ဘက်တီးရီးယားပိုးတွေဟာ အရေပြားပေါ် ပါ၀င်လွှမ်းမိုးမှုရှိနေခြင်းကြောင့်လည်း လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိုယ်သင်းရန့ံဟာ မတူညီကြတာပါ။ အရေပြားမှာ ဘက်တီးရီးယားပိုး ပိုများသူတွေက ခြင်ကိုက်တာပိုခံရတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

 

6. ကိုယ်၀န်ဆောင်ချိန်

          ကိုယ်၀န်ဆောင်ချိ်န်ဟာ သာမာန်အချိန်ထက် ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်ကို ဆွဲဆောင်နိုင်မှုနှစ်ဆပိုတယ်လို့ အာဖရိကတွင်ပြုလုပ်သော လေ့လာမှုတစ်ခုအရ တွေ့ရှိထားပြီး ယင်းသို့ဖြစ်ရခြင်းမှာလည်း ကိုယ်၀န်ဆောင်ချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို 21 ရာခိုင်နှုန်းပိုထုတ်နိုင်ခြင်း၊ ကိုယ်၀န်ဆောင်တွေရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက် 1.26 ဖာရင်ဟိုက်ပိုနေခြင်းတို့ကြောင့် ဖြစ်တယ်လို့ သုတေသီတွေကဆိုထားပါတယ်။

 

7. ဘီယာ  

          ဘီယာသောက်သူတွေရဲ့ချေွးမှာ အီသနောပါ၀င်မှုမြင့်ပြီး အရေပြားအပူချိန်ဟာ သာမန်ထက်ပိုခြင်းကြောင့် ဘီယာသောက်သူတွေကို ခြင်တွေပိုကိုက်တတ်ပါတယ်။

 

CMS

www.drmyanmar.com