မဂ္ဂနီဆီယမ်ဓာတ် (Magnesium) ဓာတ်၏ ကျန်းမာရေးအတွက်အကျိုးကျေးဇူးများနှင့် သုတေသနဆိုင်ရာအချက်များ
မဂ္ဂနီဆီယမ်ဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော သက်စောင့်ဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့လျှင်အနည်းဆုံး 100 မီလီဂရမ်နှင့်အထက် လိုအပ်ပါသည်။ လူ့ခန္ဓာကိုယ်တွင်း မဂ္ဂနီဆီယမ်ဓာတ်၏ ထက်ဝက်ခန့်မှာ အရိုးအစုအဖွဲ့အတွင်းရှိပြီး ကျန်ရှိသောပမာဏမှာကြွက်သား၊ အခြားတစ်သျှူးများနှင့် ခန္ဓာကိုယ်တွင်းအရည်များတွင်ပါဝင်ပါသည်။ ခန္ဓာကိုယ်ဇီဝဓာတ်ပြုမှု 300 ကျော်တွင် ပါဝင်ကူညီပေးသည့် မဂ္ဂနီဆီယမ်ဓာတ်သည် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
1. အရိုးများခိုင်မာသန်စွမ်းခြင်း
မဂ္ဂနီဆီယမ်ဓာတ်သည် အရိုးတွင်းကယ်လ်စီယမ်ဓာတ်များပို့ချခြင်းကို ကူညီပေးသည့်အပြင် အရိုးကျန်းမာရေးအတွက် အရေးကြီးသောဗီတာမင် D ဓာတ်ကိုလည်း ကျောက်ကပ်တွင်ထုတ်လုပ်ရန် လှုံ့ဆော်ပေးသောကြောင့် အရိုးအဆစ်များကျန်းမာသန်စွမ်းရေးအတွက် အရေးကြီးသောဓာတ်တစ်မျိုးဖြစ်ပါ သည်။ သွေးဆုံးပြီးသောအမျိုးသမီးများတွင်လည်း အရိုးပွရောဂါဖြစ်ပွားနိုင်ခြေကိုလည်းလျော့နည်းစေနိုင်ပါသည်။
2. သွေးချိုဆီးချိုရောဂါများကိုကာကွယ်ပေးခြင်း
လေ့လာမှုများအရ မဂ္ဂနီဆီယမ်ဓာတ်စားသုံးမှုပမာဏနှင့် သွေးချိုရောဂါဖြစ်နိုင်ခြေ ပြောင်းပြန် အချိုးကျကြောင်းတွေ့ရှိရသည်။ တစ်နေ့လျှင်မဂ္ဂနီဆီယမ်ဓာတ် 300 နှင့် 365 မီလီဂရမ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အင်ဆူလင်ဟော်မုန်းဓာတ်လုပ်ဆောင်ချက်ကို တုံ့ပြန်မှုအားကောင်းစေပါသည်။
3. နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း
မဂ္ဂနီဆီယမ်ဓာတ်သည် နှလုံးကြွက်သားအပါအဝင်ကြွက်သားများ၏ လုပ်ငန်းဆောင်တာများအတွက် အရေးကြီးပြီးလုံလောက်စွာစားသုံးခြင်းက သွေးတိုးရောဂါ (Hypertension)နှင့် သွေးကြောတွင်းအဆီစုခြင်း (Atherosclerosis) ဖြစ်နိုင်ခြေကိုလျော့နည်းစေသည်။ ရုတ်တရက်နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်ပြီးနောက် ခန္ဓာကိုယ်တွင်း မဂ္ဂနီဆီယမ်ဓာတ်များလုံလောက်အောင်ဖြည့်တင်းခြင်းဖြင့် သေဆုံးနိုင်ခြေ (Mortality) ကိုလျှော့ချပေးပြီး နှလုံးညှစ်အားမကောင်းသောရောဂါ (Congestive Heart Failure) တွင်လည်း နှလုံးခုန်မမှန်ခြင်း(Arrythmia) ဖြစ်နိုင်ခြေကိုလျှော့ချပေးသည်။ မဂ္ဂနီဆီယမ်ဓာတ်တစ်နေ့လျှင် 365 မီလီဂရမ်စားသုံးခြင်းဖြင့် သွေးတွင်းအဆီဓာတ်များကိုလည်း ထိန်းညှိပေးကြောင်းတွေ့ရသည်။
4. ရာသီလာကာနီးခံစားရတတ်သည့်လက္ခဏာစု (Premenstrual Syndrome)ကိုသက်သာစေခြင်း
မဂ္ဂနီဆီယမ်ဓာတ်လုံလောက်စွာရရှိခြင်းဖြင့် အိပ်မပျော်ခြင်း၊ ခြေထောက်အန်းခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ရင်သားတင်းခြင်းနာခြင်းကဲ့သို့သော ရာသီလာကာနီးခံစားရတတ်သည့် လက္ခဏာစုများကို သက်သာစေကြောင်းတွေ့ရပြီး ဗီတာမင် B6 နှင့် တွဲဖက်သောက်သုံးပါက ပို၍အကျိုးများနိုင်ပါသည်။
ကျန်းမာရေးအတွက် နေ့စဉ်စားသုံးသင့်သော မဂ္ဂနီဆီယမ်ဓာတ်ပမာဏမှာ အသက်အရွယ်နှင့် ကျားမအလိုက် ကွာခြားမှုရှိပါသည်။ အမျိုးသားအဆင့်ကျန်းမာရေးအဖွဲ့အစည်းကြီး (National Institutes of Health) မှ မဂ္ဂနီဆီယမ်ဓာတ်ကိုအသက် 1 နှစ်မှ 3 နှစ်ထိကလေးငယ်များတွင် နေ့စဉ် 80 မီလီဂရမ်၊ 4 နှစ်မှ 8 နှစ်ထိကို တစ်နေ့လျှင် 130 မီလီဂရမ်နှင့် 9 နှစ်မှ 13 နှစ်ထိကို240 မီလီဂရမ် အသီးသီးလိုအပ်ကြောင်းအကြံပြုထားပါသည်။ အသက် 14 နှစ်မှစပြီး ကျားမအလိုက်လိုအပ်မှုပမာဏ ကွာခြားသွားကာ ယေဘူယျအားဖြင့် အမျိုးသားများတွင် ပိုမိုလိုအပ်ပါသည်။ အသက် 14 နှစ်မှ 18 နှစ်ထိ အမျိုးသားများတွင် တစ်ရက်လျှင် 410 မီလီဂရမ်နှင့် အမျိုးသမီးများတွင် 360 မီလီဂရမ်လိုအပ်ပါသည်။ အရွယ်ရောက်ပြီးအမျိုးသမီးများတွင် တစ်ရက်လျှင် 310 မှ 320 မီလီဂရမ်ခန့်ထိလိုအပ်ပြီးကိုယ်ဝန်ဆောင်ချိန်တွင် 350-400 မီလီဂရမ်နှင့် ကလေးနို့တိုက်နေချိန်တွင် 310-360 မီလီဂရမ်လိုအပ်ပါသည်။ အရွယ်ရောက်ပြီးအမျိုးသားများအတွက်မူ 400-420 မီလီဂရမ်လိုအပ်သည်ဟု သတ်မှတ်ထားပါသည်။
ခန္ဓာကိုယ်အတွက်လိုအပ်သောဗီတာမင်ဓာတ်များ၊ သက်စောင့်ဓာတ်များကို နေ့စဉ်အစားအသောက်များ စားသုံးရာမှရရှိသောနည်းလမ်းသည် အကောင်းဆုံးဖြစ်ပါသည်။ မဂ္ဂနီဆီယမ်ဓာတ်ပေါကြွယ်ဝသော အစားအစာများမှာ အခွံမာသီးများ၊ အစေ့များ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ ဂျုံစေ့ညိုနှင့် အချို့သောကောက်ပဲ သီးနှံများ ဖြစ်ပါသည်။ ပမာဏအားဖြင့် နေကြာစေ့အခြောက် လက်ဖက်ရည်ပန်းကန်လုံး လေးပုံတစ်ပုံပမာဏတွင် မဂ္ဂနီဆီယမ်ဓာတ် 128 မီလီဂရမ်၊ ဗာဒံစေ့ခြောက် လက်ဖက်ရည်ပန်းကန်လုံး လေးပုံတစ်ပုံတွင် 105 မီလီဂရမ်၊ နှမ်းစေ့ တစ်အောင်စတွင် 101 မီလီဂရမ်၊ ပဲနို့ပန်းကန်လုံးတစ်လုံးတွင် 61မီလီဂရမ်စသည်ဖြင့်ပါဝင်ပါသည်။ ဂျုံစေ့အားအမြှေးအခွံချွတ်ခြင်းသည် မဂ္ဂနီဆီယမ်ဓာတ်ဆုံးရှုံးစေသည့်အတွက် ပေါင်မုန့်ညိုကဲ့သို့သော သဘာဝအတိုင်း ဂျုံစေ့ညိုဖြင့်ပြုလုပ်ထားသည့် အစားအစာများကိုစားသုံးသင့်သည်။
အချုပ်ဆိုရသော် တန်ဆေးလွန်ဘေးဆိုသကဲ့သို့ပင် မဂ္ဂနီဆီယမ်ဓာတ်လွန်ကဲစွာစားသုံးခြင်းကလည်း ပင်မအာရုံကြောစနစ် မထိန်းသိမ်းနိုင်ခြင်း၊ ခြေလက်မလှုပ်ရှားနိုင်ခြင်းများဖြစ်ပေါ်တတ်သည်။ ကျောက်ကပ်ရောဂါ ရှိသူများအဖို့လည်း မဂ္ဂနီဆီယမ်ဓာတ်အားဆေးများကို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပေ။ ပုံမှန်အစားအစာမှရရှိသော မဂ္ဂနီဆီယမ်ဓာတ်ကြောင့် အဆိပ်သင့်ခြင်းမှာမူ အလွန်ရှားပါးသည့်အလျောက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်စုံမျှတသော အစားအစာပုံစံစားသုံးခြင်းမှာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါသည်။
Dr. Thanda Lin






























