မနက်ခင်း နိုးလာချိန်တိုင်းမှာ ပင်ပန်းနွမ်းနယ်နေလား
မနက်ခင်း ပင်ပန်းနွမ်းနယ်ခြင်းဆိုတာဟာ မနက်မိုးလင်းတာနှင့် လန်းဆန်းအားပြည့်နေရမယ့်အစား ပင်ပန်းအားနည်းနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ သာမန်လူတွေအနေနှင့်လည်း တစ်ခါတလေမှာ မနက်နိုးရင် အားမပြည့်သလို ခံစားရတတ်ပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေရင်တော့ အောက်မှာဖော်ပြပေးမယ့် မနက်ခင်းပင်ပန်းခြင်း လက္ခဏာတွေရှိနေပြီလား ဆန်းစစ်ကြည့်သင့်ပါတယ်။
၁။ ပင်ပန်းမှုဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း
မနက်ခင်းနိုးလို့ မျက်စိဖွင့်လိုက်တာနှင့် အိပ်ရာက မထနိုင်အောင် ပင်ပန်းနေတယ်လို့ ခံစားရနေပြီလား။ ဘာမှမလုပ်ချင်သလိုဖြစ်နေပြီး နောက်ထပ် တစ်နာရီလောက် ဆက်အိပ်ချင်တာမျိုး ဖြစ်နေပါသလား။ ဒါကိုတွန်းလှန်ပြီး အလုပ်သွားဖို့ပြင်တာမျိုး၊ အိပ်ရာထတာမျိုး လုပ်လိုက်တာနှင့် ခုနကလောက် မပင်ပန်းတော့ဘဲ နေ့လယ်လောက်မှာ ထပ်ပြီးပင်ပန်းနွမ်းနယ်တာမျိုး ဖြစ်နေတယ်ဆိုရင် သင့်မှာ မနက်ခင်းမှာဖြစ်တတ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပေါ်နေပါပြီ။
၂။ မူးဝေခြင်း
ရံဖန်ရံခါမူးတာမျိုးမဟုတ်ဘဲ မနက်ခင်း နိုးလာချိန်တိုင်းမှာ မူးဝေနေတတ်ပါက သင့်အနေနှင့် မပေါ့ဆသင့်ပါဘူး။
၃။ စိတ်ဓာတ်ကျနေခြင်း
မနက်ခင်းမှာ စိတ်ကျနေခြင်းဟာ မနက်နောက်ကျမှ ထလေ့ရှိသူတွေမှာသာမက မနက်စောစော ထတတ်သူတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်အနေနှင့် အကြောင်းထွေထူးမရှိဘဲ စိတ်ကျနေခြင်း၊ လန့်ဖြန့်နေခြင်းမျိုးရှိပါက မနက်ခင်း ပင်ပန်းခြင်းအပြင် မနက်ခင်း သောကရောက်ခြင်းပါ ရှိနေနိုင်ပါတယ်။
၄။ အာခေါင်ခြောက်ခြင်း
မနက်ခင်းနိုးလာချိန်မှာ အာခြောက်ခြင်းအပြင် မျက်စိများ ခြောက်သွေ့ခြင်းကိုပါ ခံစားနေရပါသလား။ အရက်အလွန်သောက်ခြင်း၊ ဟောက်ခြင်းနှင့် ရေဓာတ်နည်းပါးခြင်းတို့ကြောင့်လည်း အာခြောက်တတ်ပေမယ့် မနက်ခင်း ပင်ပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဆိုလည်း မမှားပါဘူး။
» မနက်ခင်းမှာ ပင်ပန်းနွမ်းနယ်ခြင်းကို နာတာရှည်ခံစားရစေတဲ့ အကြောင်းရင်းများစွာကတော့ ...
● ဆီးချို၊ သိုင်းရွိုက်ဟော်မုန်း အလုပ်မလုပ်ခြင်း၊ သွေးအားနည်းခြင်း၊ နာတာရှည်သောကများခြင်း စတာတွေ ဖြစ်ပါတယ်။
● ဒါကိုကာကွယ်ဖို့ ညစောစောအိပ်ပြီး မနက်စောစောထခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်း၊ တတ်နိုင်ပါက ညနေ ၆ နာရီနောက်ပိုင်း အလုပ်မလုပ်ခြင်း စတဲ့ အလေ့အကျင့်ကောင်းများကို မွေးမြူကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























