မနက်စောစော ထတဲ့သူတွေ စိတ်ကျန်းမာရေး ပိုကောင်းကြပါသတဲ့
မနက်စောစော မထတဲ့သူနဲ့ ထတဲ့သူတွေ ယှဉ်လိုက်တဲ့အခါ ထတဲ့သူတွေက ပိုမိုကျန်းမာရေးကောင်းတဲ့ဘဝကို ပိုင်ဆိုင်နေကြပါသတဲ့။
● မနက်စောစောထခြင်းဟာ ညစဉ် နာရီဝက်ခန့် စောပြီး အိပ်ရာဝင်တာနဲ့ ဆက်စပ်နေပါသတဲ့။ နည်းနည်းလေးစောပြီး အိပ်ရာ ဝင်လိုက်တာက မနက်ထဖို့ စွမ်းအင် တည်ဆောက်လိုက်တာပါပဲ။
● စောစော မထနိုင်သူနဲ့ ထနိုင်သူတွေကြား ကွာခြားချက်က ဦးနှောက်က ပြင်ပအလင်းကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာပေါ်လည်း မူတည်ပါသေးသတဲ့။
● နောက်ပြီး ဝမ်းသာစရာက အဝလွန်တာတွေ ဆီးချိုဖြစ်နှုန်းတွေက မနက် မထတဲ့သူနဲ့ စောစောထသူတွေကြား မကွာခြားပါဘူးတဲ့။
● ဒါပေမဲ့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း မနက်အစော ထသူတွေနဲ့ ယှဉ်လိုက်ရင် မထနိုင်သူတွေက စိတ်ကျရောဂါ စိတ်ကစဥ့်ကလျားရောဂါနဲ့ စိတ်ပူပန်တာတွေ ပိုများများခံစားရဖို့ ရှိနေပြန်ပါရောတဲ့။
● အိပ်ရေးဝတာတွေ အိပ်ချိန်တိုတာတွေ ရှည်တာတွေထက် မနက်မထနိုင်တာကိုက စိတ်ကျရောဂါ အဖြစ်များစေတာပါတဲ့။
● အိပ်ရေးမဝဘူး ဆိုရင်တော့ နွမ်းဖတ်နေမှာ သေချာသလောက်ပါပဲ၊ အစဉ်နွမ်းနယ်နေပြီး မျက်လုံးအိမ်တွေ ဖောင်းနေတာ တွေ့ကြမှာပါ။ နွမ်းနယ်လေ စိတ်မတည်ငြိမ်လေပါပဲ။
● အိပ်တော့အိပ်ပါရဲ့။ အဝလွန်တာကြောင့် အိပ်ပျော်နေရင်း အသက်ရှူရပ်တဲ့အခါ မကြာခဏ မသိမသာ လန့်လန့်နိုးနေပြီး အိပ်ရေး မဝတော့ပါဘူး။ အ၀လွန်တာကလည်း စောစောမထနိုင်ဖို့ အကြောင်းရင်းပါပဲ။
စောစောထနိုင်ဖို့ ပိုမိုကျန်းမာရေးကောင်းလာဖို့ ဒီလိုလေးတွေ လုပ်ကြည့်ဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
● ညနေခင်းမှာ ကော်ဖီ၊ လက်ဖက်ရည်ကို ရှောင်ပါ။
● ညမှာ နွားနို့ပူပူတစ်ခွက် သောက်ပါ။
● ဖြည်းညင်းစွာ အသက်ရှူသွင်းရှူထုတ် လုပ်ပါ။
● မအိပ်ခင် အသက်ရှူနှုန်း ရေတွက်ကြည့်ပါ။
● မအိပ်ခင် ရေနွေးနွေးလေးချိုးပြီး အကြော ဖြေလျှော့ပါ။
● အိပ်ခန်းထဲမှာ မီးမှိန်မှိန်လေး ဖွင့်ထားပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























