/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မုတ်သုံရာသီမှာ-အဖြစ်များတဲ့-ကျန်းမာရေးပြဿနာတွေအတွက်

မုတ်သုံရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပူလောင်ပြင်းပြတဲ့ရာသီဥတုကို ကျော်လွန်ပြီး အပူတွေကို လျှော့ချပေးမယ့် မုတ်သုံရာသီကို ရောက်ပါတော့မယ်။ မိုးရေတွေနဲ့အတူ အဖြစ်များတဲ့ ရောဂါတွေကိုလည်း သတိထားကြဖို့ လိုပါတယ်။ မုတ်သုံရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို သေချာမကုသဘူးဆိုရင် အန္တရာယ် ရှိနိုင်ပါတယ်။

 

1.      ငှက်ဖျား

          Anopheles ဆိုတဲ့  " ခြင်မ " ကိုက်ခြင်းကြောင့်ဖြစ်သော ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့ ငှက်ဖျားရောဂါဟာဆိုရင် မုတ်သုံရာသီမှာ အဖြစ်များတဲ့ရောဂါတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ ကိုယ်လက်များ ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း၊ ချေွးထွက်ခြင်း၊ အားနည်းနုံးချိခြင်း စတာတွေနဲ့ ရောဂါပြင်းထန်ပါက အသားဝါခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောတွေပါ ဖြစ်နိုင်ပါတယ်။

 

2.      သွေးလွန်တုပ်ကွေး

          ခြင်ကျားကိုက်လို့ဖြစ်တဲ့ သွေးလွန်တုတ်ကွေးဟာဆိုရင် လူထောင်ပေါင်းများစွာကို သေဆုံးစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ရောဂါပဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ခြင်တွေက မနက်စောစောပိုင်းနဲ့ ညနေ နေဝင်ခါစအချိန်တွေမှာ အကိုက်များပါတယ်။ အဖြစ်များတဲ့ လက္ခဏာများမှာ ကိုယ်ပူကြီးခြင်း၊ သွေးဆဲလ်များ ယုတ်လျော့သွားခြင်း၊ အဆစ်များ ကိုက်ခဲခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်းတို့ ဖြစ်ကြပါတယ်။

 

3.      Chikungunya

          နောက်ထပ် ခြင်ကိုက်လို့ဖြစ်တဲ့ သေစေနိုင်တဲ့ရောဂါတစ်မျိုးကတော့ Chikungunya ပဲ ဖြစ်ပါတယ်။ ဒီခြင်တွေက ရေသေ၊ ရေစည် စတာတွေထဲမှာ ပေါက်ဖွားပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကိုယ်ပူကြီးခြင်း၊ အဆစ်အမြစ်နှင့် ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ကြပါတယ်။

 

4.      အူရောင်ငန်းဖျား (တိုက်ဖွိုက်)

          ရောဂါပိုးရှိတဲ့ရေကို သောက်သုံးခြင်း၊ သန့်ရှင်းမှုမရှိခြင်း စတာတွေကြောင့် အူရောင်ငန်းဖျား ဖြစ်စေပါတယ်။ အူရောင်ငန်းဖျားဖြစ်စေတဲ့ S. Typhi ဆိုတဲ့ ဘက်တီးရီးယားပိုးက မသန့်ရှင်းတဲ့ရေနဲ့ ညစ်ပတ်တဲ့ပတ်ဝန်းကျင်မှာ ပေါက်ဖွားပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ လည်ချောင်းနာခြင်း၊ အားနည်းခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ကြပါတယ်။

 

5.      အသည်းရောင် အသားဝါ A

          ကူးစက်မှုနှုန်း မြင့်မားတဲ့ ဒီအသည်းရောဂါဟာဆိုရင် မသန့်ရှင်းသော၊ ရောဂါပိုး ပါဝင်သော ရေ၊ အစားအစာ၊ မစင် စတာတွေကို စားသုံးမိခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့မှုရှိခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ပျို့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာ စားချင်စိတ် မရှိခြင်း၊ အားဝါခြင်း စသည်တို့ ဖြစ်ကြပါတယ်။

 

>>    ကာကွယ်ရန် နည်းလမ်းများ

          ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ်ဆိုတဲ့အတိုင်းပဲ မုတ်သုံရာသီကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

1.       မိမိပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားပါ။ ပတ်ဝန်းကျင်မှာ ရေဝပ်နိုင်သောနေရာများ မရှိိပါစေနဲ့။

2.       ခြင်ကိုက် မခံပါနဲ့။ နေ့ဘက်ဆိုရင် ခြင်ဆေး၊ ခြင်မကိုက်အောင် လိမ်းဆေးလိမ်းပြီး အိပ်ပါ။

          ဖြစ်နိုင်ပါက နေ့ရောညပါ ခြင်ထောင်နှင့်အိပ်ပါ။

3.       ပြင်ပအစားအစာ (အထူးသဖြင့် သန့်ရှင်းမှုမရှိသော လမ်းဘေးအစားအစာ) များ မစားပါနှင့်။

4.       ရောဂါပိုး ကူးစက်နိုင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားပါနှင့်။

5.       ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို သန့်စင်စေဖို့အတွက် ရေနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အရည်များများ သောက်ပါ။

6.       အပြင်သွားလျှင် လက်သန့်စင်ဆေးရေကို ပုံမှန်အသုံးပြုပါ။

7.       ရေနှင့် အစားအစာများကို ခြင်၊ ယင် မနားစေဖို့အတွက် သေချာ ဖုံးအုပ်ထားပါ။

8.       ရောဂါ ကူးစက်ခံထားရသူနှင့် တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

 

>>    ကျန်းမာရေးနှင့် ညီညွတ််သောအစားအစာများ

●        ပန်းသီး၊ သရက်သီး၊ သစ်တော်သီးနှင့် သလဲသီး ကဲ့သို့သော ရာသီပေါ်သစ်သီးများ စားသုံးခြင်းဖြင့် စွမ်းအင်တွေ ရရှိစေနို်ငပါတယ်။

●        အယ်မွန်၊ ဒိန်ချဉ်၊ နှင့် သန့်စင်ထားသောရေများ သောက်သုံးခြင်းဖြင့် ခန္ခာကိုယ်အတွက် လိုအပ်သော ရေဓာတ်ပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်။

●        အစားအစာများတွင် ကြက်သွန်ဖြူ ထည့်ချက်ပါက ကိုယ်ခံအားကောင်းစေပါတယ်။

●        အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော ကျန်းမာရေးနဲ့ ညီညွတ်တဲ့ detox ရေကို များများ သောက်သုံးပေးပါ။

          ရောဂါလက္ခဏာတွေ ခံစားရပြီး နေမကောင်း ဖြစ်လာပြီဆိုရင်တော့ ဆေးခန်း သွားပြပါ။ ဆရာဝန်နဲ့ ပြသပြီး ရောဂါ သေချာသိကာ စောစောကုသနိုင်ဖို့ အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)