မေမေတို့ ဖေဖေတို့ ကျန်းမာသက်ရှည်စေဖို့ ဒီလိုလေးတွေ ပြောပေးကြရအောင်လား
စစ်တမ်းတစ်ခုအရ သားသမီးတွေက မိဘတွေကို ကျန်းမာရေး ဂရုစိုက်ဖို့ပြောတဲ့အခါ အရင်ကထက် ကျန်းမာတဲ့အမူအကျင့်တွေ ပိုလုပ်ဖြစ်လာပြီး ပိုမိုကျန်းမာလာကြပါတယ်တဲ့။ အိမ်က မေမေနဲ့ဖေဖေကို ကျန်းမာအသက်ရှည်စေဖို့ ဒီလိုလေးတွေ ကြိုးစားကြည့်ရအောင်။
မိဘစကား သားသမီး နားထောင်ခဲ့တဲ့အချိန်ကို လွန်ပြီး ကိုယ့်စကား ကိုယ့်မေမေ နားထောင်အောင် တစ်နည်းနည်းနဲ့ ကြိုးစားမယ်ဆိုရင် အရင်ဆုံး ကိုယ်ဘာပြောချင်တာလဲ ကိုယ်ဘာဖြစ်ချင်တာလဲ စဉ်းစားကြည့်ပါဦး။
● မေမေ့ကို လမ်းလျှောက်စေချင်တယ်။
● ဖေဖေ့ကို ညစောစော အိပ်စေချင်တယ်
● အဆီအအိမ့်ကြိုက်တဲ့မေမေ့ကို အသီးအရွက် ပိုစားဖို့ ပြောကြည့်မယ်။
● အရက် နည်းနည်းသောက်တတ်တဲ့ဖေဖေကို မသောက်အောင် ကြိုးစားကြည့်မယ်။
အရင်ဆုံးကတော့ ယဉ်ကျေးတဲ့စကားလုံးလေးတွေ စီဖို့ပါပဲ။ ကိုယ့်မိဘကို ကိုယ့်စကား နားထောင်စေချင်တာဆိုတော့ စကားနားဝမခါးရအောင် ညင်ညင်သာသာနဲ့ ဘယ်လိုချဉ်းကပ်ပြောဆိုမလဲ အချိန်ယူ စဉ်းစားပါ။
ဒုတိယအနေနဲ့ အပြစ်တင်တာကို ရပ်လိုက်ပါ။ လုံးဝအပြစ်မတင်ပါနဲ့။ မေမေက ဝမှာပေါ့၊ ဝက်သား အရမ်းစားတာကိုး။ အဖေ့ကျန်းမာရေး ဂရုမစိုက်လို့ သွေးတိုးနေပြီ။
အကောင်းမြင်တတ်ပါ။ မိမိငယ်စဉ်က မိမိကို ဘယ်လိုလေး စိတ်ရှည်ရှည် ယုယသင်ကြားခဲ့တာ သတိရပါ။ သူတို့ကို အပြစ်မတင်ဘဲ သူတို့ကျန်းမာရေးအတွက် ကိုယ် ဘယ်လောက်ထိ စိုးရိမ်ကြောင်းကို စိတ်ပါလက်ပါ ပြောပြပေးပါ။ ဒီလိုအပြောင်းအလဲလေးတွေ လုပ်လိုက်မယ်ဆိုရင် ပိုကျန်းမာလာမယ်။ နေရထိုင်ရ ဘယ်လိုကောင်းလာမယ်။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာမယ် ဆိုတာလေးတွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ စိတ်ရှိလက်ရှိပြောပြပါ။
မိဘတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ကိုယ်တိုင်ပြင်ဆင်ပေးတာက အလွန်ထိရောက်ပါတယ်။ မိဘစားဖို့ အသီးလေးတွေ စိတ်ပေးပါ။ အငန်မကဲ အချိုမှုန့်နည်းတဲ့ ဟင်းလျာတွေကို အချိန်ပေးပြီး ပြင်ဆင်ချက်ပြုတ်ပါ။ အချိုကဲတဲ့မုန့်တွေ၊ အသင့်သောက် ကော်ဖီမစ်တွေ၊ ငါးပိရည်တွေအစား အသီးအရွက် လတ်ဆတ်တာကို ကြော်လှော်ပေးပြီး သူတို့ကို အရသာသစ်နဲ့ ထိတွေ့မြည်းစမ်းပါစေ။ အသီးအရွက် များများစားတဲ့ လူကြီးတွေမှာ အူမကြီးကင်ဆာကို ထိထိရောက်ရောက် ကာကွယ်ထားနိုင်ပါတယ်။
သူတို့ကို ပြောလည်းပြော၊ ကိုယ်ကိုယ်တိုင်လည်း လိုက်နာပါ။
● မနက်အတူထပြီး လမ်းလျှောက်ကြမယ်။
● ထမင်းစားပြီးတိုင်း အသီး စားကြမယ်။
● မနက်စာကို ပြည့်ပြည့်ဝဝ စားကြမယ်။
● လက်ဖက်ရည်ချိုအစား ရေများများ သောက်ကြမယ်။
● ကွတ်ကီးတွေ၊ မုန့်တွေအစား ပန်းသီး သို့မဟုတ် အစေ့အဆံလေးတွေ စားကြမယ်။
နောက်ပြီး မေမေတို့၊ ဖေဖေတို့ကို ကြိုးစားပမ်းစား ပြောင်းလဲပေးသမျှကို မှတ်တမ်းလေးရေးပြီး မှတ်ထားပါ။ သူတို့ကို ကျန်းမာသုတတွေ ဖတ်ပြပါ။ ကိုယ်ရေးထားတဲ့မှတ်တမ်းလေးကို ဖတ်ပြပြီး သူတို့ ကျေနပ်ကြည်နူးပါစေ။ ကျန်းမာတဲ့ အလေ့အကျင့်တွေဟာ အသက်ရလာတာနဲ့အမျှ ပိုမိုလိုအပ်လာကြောင်း အလျင်းသင့်သလို ပြောပြပါ။ ခဏခဏ နားပူတာနဲ့ စိတ်ပါလက်ပါ ပြောပြတာ ကွာပါတယ်နော်။ ခေါင်းမာတဲ့ လူကြီးသူမတွေကို ဇွတ်တရွတ် မပြောပါနဲ့။ ရှေ့က ကိုယ်လုပ်ခဲ့သမျှ အလကားဖြစ်သွားပါလိမ့်မယ်။ ရှေးလူကြီးတွေက ကိုယ်ထင်တာထက် ပိုခေါင်းမာကြပါတယ်။ နောက်ပြီး မိဘတွေကို ကိုယ့်စကားနားထောင်ဖို့ ပြောတဲ့အခါ အထူးရိုသေလေးစားပါ။ လေသံကို နိမ့်ပါ။ စေတနာပါပြီး ကောင်းစေချင်တဲ့ဆန္ဒ အပြည့်အဝရှိတဲ့ သားသမီးရဲ့ရင်တွင်းခံစားချက်ကို မိဘတွေက တကယ်ခံစားနိုင်ကြပါတယ်။ လက်ဦးဆရာ မေမေတို့၊ ဖေဖေတို့ကို ကျန်းမာသက်ရှည်စေဖို့ ကြိုးစားကြည့်ရင်း နှစ်သစ်မှာ ကုသိုလ်တွေ ယူလိုက်ကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























