မျက်စိစွံခြင်း
မျက်စိစွံတယ်ဆိုတာ အပေါ်မျက်ခွံ (သို့) အောက်မျက်ခွံမှာ အဖုလေးတွေထွက်လာခြင်းဖြစ်ပါတယ်။ ဒီအဖုလေးက နီလာမယ်၊ ရောင်လာမယ်၊ နာလာပါမယ်။
ကျွနု်ပ်တို့ရဲ့မျက်ခွံမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဂလင်းများစွာရှိပါတယ်။ ဒီဂလင်းတွေက ထွက်တဲ့ အဆီက မျက်လုံးစိုစွတ်မှုကို ထိန်းပေးထားပါတယ်။ မျက်လုံးမှာရှိတဲ့ ဂလင်းတစ်ခုပိတ်ဆိုတဲ့အခါမှာ မျက်စိစွံခြင်း ဖြစ်လာပါတယ်။
တစ်ခါတလေမှာ အဆီဟောင်းတွေ၊ အရေပြားဆဲလ်တွေနဲ့သေနေတဲ့ ပိုးကောင်လေးတွေက ဂလင်းထဲမှာပိတ်ဆို့ပြီး အဆီတွေအပြင်မထွက်နိုင်ဖြစ်စေပါတယ်။ ဒါကြောင့် ဂလင်းကကြီးလာပြီး မျက်စိစွံခြင်း ဖြစ်လာပါတယ်။
မျက်စိစွံရင် ဘာလုပ်သင့်သလဲ?
မျက်စိစွံတာက ကုသလို့ပျောက်ကင်းပါတယ်။ မျက်စိစွံရင် လျှော်ဖွတ်ပြီးသား သန့်ရှင်းသောအဝတ်စနွေးနွေးနဲ့ အုပ်ထားနိုင်ပါတယ်။ ပူနွေးမှုက ဂလင်းပိတ်ဆို့မှုကိုဖယ်ရှားပေးပြီး အဆီတွေပြန်စီးထွက်နိုင်အောင်ကူညီပေးပါတယ်။ ရေနွေးနွေးထဲမှာ အဝတ်စကိုနှစ်ထားပြီးနောက် ရေတွေပြန်ညှစ်ပြီးမှ မျက်စိပေါ်အုပ်ပါ။ ရေအရမ်းမပူဖို့ဂရုပြုပါ။ သက်တောင့်သက်သာအနားယူပြီး မျက်လုံးပေါ်ရေနွေးဝတ်အုပ်ထားပါ။ အဝတ်စအေးသွားရင် ရေနွေးထဲပြန်စိမ်ပြီးမှ ပြန်အုပ်ပေးပါ။ တစ်နေ့လျှင် 2-3 ကြိမ်လောက် ပြုလုပ်ပေးပါ။
မျက်စိစွံခြင်းက သက်သာမလာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်သွားပြဖို့လိုပါတယ်။ ဆရာဝန်က သင့်တော်တဲ့လိမ်းဆေး ညွှန်ကြားပါလိမ့်မယ်။
မျက်စိစွံနေတဲ့အဖုကို မပေါက်ထွက်အောင် ဘယ်လိုကာကွယ်ကြမလဲ?
မျက်စိစွံတဲ့အဖုကို မပေါက်စေဖို့အတွက် မျက်လုံးကိုလက်နဲ့မထိပါနဲ့။ ပိုးဝင်မှာစိုးလို့ပါ။ လက်ကို ပုံမှန်ဆေးကြောပါ။
အချို့ကလေးတွေဟာ မကြာခဏ မျက်စိစွံတတ်ပါတယ်။ ဒါကတော့ အသားအရေအမျိုးအစားကြောင့်ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကာကွယ်၊ ကုသနိုင်ပါတယ်။
Dr. Mya Myo Myo Swe





























