မျက်ရည်များအကြောင်း
မျက်ရည်တွေက မျက်လုံးစိုစွတ်မှုကို ထိန်းသိမ်းပေးခြင်း၊ မျက်လုံးထဲဝင်လာတဲ့ အမှုန်တွေ၊ ပြင်ပ အရာဝတၳုတွေကို ဖယ်ထုတ်ပေးခြင်းအားဖြင့် မျက်လုံးကိုကာကွယ်ပေးပါတယ်။
အပေါ်မျက်ခမ်းအောက်မှာ မျက်ရည်ဂလင်းတွေ ရှိပါတယ်။ မျက်လုံးနဲ့နှာခေါင်းကြားမှာရှိတဲ့ မျက်ရည်ပြွန်လို့ခေါ်တဲ့ သေးငယ်တဲ့ပြွန်လေးကတစ်ဆင့် မျက်ရည်တွေ အပြင်ထွက်သွားပါတယ်။ မျက်ရည်ပြွန်နှစ်ခုရှိပြီး တစ်ခုစီကမျက်လုံးတစ်ဖက်စီရဲ့ အတွင်းထောင့်နားမှာရှိပါတယ်။ မျက်လုံးထဲမှာ မျက်ရည်တွေပြည့်အိုင်လာပြီဆိုရင် မျက်ရည်တွေက ဒီပြွန်ကနေတစ်ဆင့်အပြင်ကို ထွက်သွား ပါတယ်။ အောက်မျက်ခမ်းကို အောက်ကိုဆွဲကြည့်ရင် မျက်ရည်ပြွန် အပေါက်လေးတွေ ကို တွေ့နိုင်ပါတယ်။
မျက်ရည်တွေမြန်မြန်ထွက်တဲ့အခါ ပြွန်ကနေစီးထွက်ဖို့ မနိုင်တော့တဲ့အတွက် ပါးပေါ်ကိုစီးကျလာပါတယ်။ ပြွန်ကနေထွက်လာတဲ့မျက်ရည်အချို့က နှာခေါင်းထဲဝင်လာတဲ့ အတွက် နှာရည်တွေစီးကျလာပါတယ်။
မျက်ရည်ဘာကြောင့်ထွက်ရတာလဲ?
ငိုတာအပြင် အကြောင်းအမျိုးမျိုးကြောင့်မျက်ရည်ကျပါတယ်။ မျက်လုံးကိုဘာနဲ့ပဲထိမိထိမိ အဲအရာကိုဖယ်ရှားဖို့အတွက် မျက်ရည်အလိုလိုထွက်လာပါတယ်။ မီးခိုးငွေ့ကဲ့သို့သောမျက်လုံးနဲ့ မမြင်နိုင်တဲ့အရာနဲ့ထိတွေ့ရင်တောင် မျက်ရည်ထွက်ပါတယ်။ ကြက်သွန်နီကထွက်တဲ့အနံ့မှာ မျက်လုံးကိုထိခိုက်နိုင်တဲ့ ဓာတုပစ္စည်းလေးတွေပါဝင်တဲ့အတွက် ကြက်သွန်နီ လှီး၊ အခွံခွာ၊ ထောင်း စသည်တို့လုပ်တဲ့အခါ မျက်ရည်ထွက်လာပါတယ်။ လေအေးထိတွေ့ရင်၊ မျက်လုံးလေတိုက်တာများရင်လည်း မျက်လုံးခြောက်သွေ့ခြင်းကို ကာကွယ်ဖို့အတွက် မျက်ရည်ထွက်ပါတယ်။
ဓာတ်မတည့်ခြင်း၊ မျက်စိထဲပိုးဝင်ခြင်း၊ မျက်လုံးနာခြင်းတွေဖြစ်ရင်လည်း မျက်ရည်ထွက်ပါတယ်။ ဒီအရာတွေကြောင့် မျက်လုံးရောင်လာနိုင်ပါတယ်။
မျက်ရည်မထွက်ခြင်း
တစ်ချို့လူတွေမှာ မျက်ရည်လုံလောက်စွာမထုတ်ပေးနိုင်တဲ့အတွက် မျက်ရည်ထွက်ဖို့ခက်ခဲပါတယ်။ အချို့သောရောဂါတွေနဲ့ ဆေးတွေကလည်း မျက်လုံးခြောက်စေပါတယ်။
နောက်ပြဿနာတစ်ခုကတော့ မျက်ရည်ပြွန်ပိတ်ပြီး မျက်ရည်တွေမစီးဆင်းနိုင်ဘဲ မျက်လုံးထဲမှာ အရည်တွေ ပြည့်အိုင်လာတတ်ပါတယ်။ မွေးကတည်းက မျက်ရည်ပြွန်ပိတ်ပြီးမွေးလာနိုင်ပါတယ်။ အများအားဖြင့်တော့ သူ့အလိုလိုပြန်ပွင့်လေ့ရှိသော်လည်း အချို့ကလေးတွေမှာတော့ ပြွန်ပြန်ပွင့်စေဖို့ ခွဲစိတ်မှုအသေးစားလေးတွေလုပ်ရပါတယ်။
Dr. Mya Myo Myo Swe






























