မျက်လုံးတစ်ဝိုက်က အဆီဖုလေးတွေအကြောင်း
မျက်လုံးတစ်ဝိုက်နဲ့ မျက်ခွံလေးတွေပေါ်မှာ အဆီကျိတ်လေးတွေ တွေ့ဖူးကြမှာပဲ။ ပျော့ပျော့သေးသေး ဝါကျင့်ကျင့် အခဲလေးတွေ၊ မျက်လုံးဘေး တစ်ဖက်တစ်ချက်အပြင် မျက်သားပေါ်မှာလည်း ရှိတတ်သေးတယ်။
သူတို့က ပေါ်လာပြီးရင် ကြီးချင်လည်း ဆက်ကြီးတယ်။ ကြီးလည်း မကြီးသေးလည်း မသေးဘဲ ဒီအရွယ်အတိုင်း ရှိတာလည်း ရှိတယ်။
အသက် 25 ကနေ 30 ကျော်ကနေ စဖြစ်လာတတ်တယ်။ ဒီအဆီဖုလေးတွေ ဖြစ်လာရတာက အန္တရာယ်ရှိ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ ကိုလက်စထရောများတဲ့ရောဂါနဲ့ ဆိုင်တယ်။
ကိုလက်စထရောစစ်တဲ့အခါ လေးမျိုး စစ်တယ်။ အဲဒီထဲက တစ်မျိုးက ကောင်းတဲ့အဆီဓာတ်။ HDL လို့ ခေါ်တယ်။ အဲဒါကျပြီး ကျန်တာတွေ ထောင်တက်ပြီဆိုရင် အဆီဓာတ် ကမောက်ကမ ဖြစ်တယ်ခေါ်တယ်။
အဆီတွေဟာ အခုနကလည်း အဆီဖုတွေအသွင် ဖြစ်လာသလို တခြားသွေးကြောနံရံတွေထဲမှာ စုပုံလာတယ်။ သွေးလွှတ်ကြောတွေ မာခဲလာပြီး နှလုံး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲကို သွေးစီးဆင်းမှုပြဿနာ စတက်တယ်။
အဆီခဲတွေက ပိတ်လည်း ပိတ်သွားတတ်တယ်။ ရုတ်တရက် နှလုံးသွေးကြောပိတ်တာတွေက သွေးကြောနံရံမှာ ကိုလက်စထရော အဆီခဲ ပိတ်တာတွေပဲ။ သွေးကြော ကျဉ်းလာတယ်။ သွေးစီးဆင်းမှု နည်းသွားတယ်။
ပထမကတော့ ကိုယ့်မျိုးရိုးပေါ့။ အဆီချေဖျက်တဲ့ အမ်ဇိုင်းတစ်မျိုး ချို့တဲ့တာ မိသားစုမျိုးရိုးထဲမှာ အဆီများတဲ့ရောဂါ၊ အဆီဓာတ် မမှန်ကန်တဲ့ရောဂါတွေ ဖြစ်နိုင်တယ်။
မျိုးရိုးကို ဖယ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမယ်။ လူနာတွေကို စားသောက်နေမှု သတိပြုပါလို့ အမြဲ မှာရပါတယ်။ အဆီများနိုင်တဲ့ လူတွေကတော့ -
• အဆီအဆိမ့် သိပ်ကြိုက်တယ်။ ငါးခြောက်ဆိုလည်း ဆီရွှဲမှ၊ ဝက်သားဆိုလည်း အခေါက်မှ၊ ဟင်းဆိုလည်း ဆီ အိနေမှ။ ဒီလိုလူသားတွေ အဆီမပိတ် ဘယ်သူပိတ်မှာလဲ။
• အစား မဆင်ခြင်တဲ့အပြင် လေ့ကျင့်ခန်းကလည်း မလုပ်။ လှုပ်ရှားမှုလည်း မရှိ။ အရက်သောက်မယ်၊ ဆေးရွက်ကြီးပါ ငုံမယ်ဆိုရင်တော့ ပွဲပြီးသွားပါပြီ။ နှလုံးသွေးကြော အဆီပိတ်ဖို့ ရာနှုန်းပြည့်ပါပဲ။
• ဆီးချိုရောဂါရှင်တွေ၊ လည်ပင်းကြီးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ သမားတွေမှာလည်း အဆီဓာတ်တွေ ပုံနေတတ်တယ်။
• မိသားစုထဲ လေဖြတ်ဖူးရင် သတိထား။ ကိုယ်လည်း ဖြတ်နိုင်တယ်။ ရောဂါတစ်ခုခုကြောင့် စတီးရွိုက် သောက်နေရသူတွေ သနေ္ဓတားဆေး သောက်နေသူတွေ အဆီဓာတ် များနေတတ်တယ်။
သုတေသနတစ်ခုအရ မျက်ခွံပေါ်တွေမှာ အဆီကျိတ်တွေရှိရင် အဲလိုလူတွေက သာမန်လူတွေထက် နှလုံးသွေးကြော ပိတ်နိုင်စွမ်း ပိုမြင့်တယ်တဲ့။
အဆီဖုလေးတွေ ရှိတဲ့အခါ လှချင်တဲ့သူဆိုရင် အလွယ်တကူ ခွဲထုတ်လို့ရတယ်။ လေဆာသုံးပြီး ဖယ်ရှားလို့ရတယ်။
ပြဿနာက ခွဲပြီး ပြန်ဖြစ်တော့တာပဲ။ ကိုလက်စထရော မြင့်နေသေးသရွေ့ ထပ်ခါထပ်ခါ ဖြစ်ဦးမှာပဲ။
ဒီတော့ အရင်းအမြစ်ကို ကုရမယ်။ အဆီဓာတ် များနေတာကို ဆေးနဲ့ လျှော့လို့ရတယ်။ ဆေးချည်း အားကိုးမလားဆိုတော့ မဟုတ်သေးပါဘူး။
ကိုယ်ကိုယ်တိုင်လည်း ပြောင်းလဲရမယ့် လုပ်ရမယ့်အရာတွေ ရှိတယ်။
• ဝိတ်လျှော့ပါ။ လှလည်း လှမယ်။ ကျန်းမာမယ်ဆို ဘာလို့ မလုပ်နိုင်ရမှာလဲ။
• အစားအသောက် အဆီအဆိမ့် ကြိုက်တာ ကြိုက်တာပေါ့။ အသီးအရွက်၊ အသား၊ ငါးနဲ့ သစ်သီးဝလံကို ကိတ်မုန့်အငန်၊ ဆီပြန်တွေထက် ပိုကြိုက်ဖို့ ကြိုးစားကြည့်ရမယ်။ ခက်တော့ ခက်တာပေါ့။ ကောင်းကျိုးက ခန္ဓာကိုယ်လေးလည်း ကျစ်သွားပြီး လူက ပိုကျန်းမာလာမယ်လေ။
• နွားနို့၊ ခရင်မ်၊ ထောပတ်၊ ချိစ်ကိတ်မုန့်၊ ကွတ်ကီး၊ ဝက်သား အဆီ/အခေါက် အကုန်ရှောင်ရမယ်။
• ပဲအမျိုးမျိုး၊ ကွေကာ၊ ဆန်၊ သံပရာသီး၊ ရှောက်သီး ပိုစားရမယ်။ အချဉ် ပိုစားရင် အဆီ ကျစေတယ်လေ။
• မနက်စောစောထပြီး ပြေးမယ်။ လမ်းလျှောက်မယ်။ အခုခေတ်ဆို ကိုယ်ကာယ အလှသင်တန်းတွေ ပေါ်နေပြီ။ အကျိုး ရှိပါတယ်။ တက်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်လုံးလည်း လှလာသလို လူလည်း ကျန်းမာရွှင်လန်း သွက်လက်လာပါလိမ့်မယ်။
• ယောက်ျားလေးတွေဆို အရက် မသောက်စေချင်ဘူး။ ဘော်ဒါရင်းတွေ တွေ့ကြတာ၊ မွေးနေ့တို့ ဘာတို့မှာ တစ်ခါတလေသောက်တာ ပြဿနာမဟုတ်ပေမယ့် ရေရှည်ကျ ကျန်းမာရေး ထိမှာပဲ။
• ဆေးလိပ်။ တစ်ခါတလေလည်း မရဘူး။ အမြဲလည်း မရဘူး။ လုံးဝ လုံးဝ ရှောင်ကြဉ်ရမယ်။
မျက်ခွံတစ်ဝိုက်မှာ အဆီဖုလေးတွေရှိသူ ဆရာဝန်နဲ့ ပြသတိုင်ပင် ဆွေးနွေးပြီး ကိုလက်စထရော စစ်သင့်ပါကြောင်း အသိပေး ပညာပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























