မျက်သားခြောက်ခြင်း
မျက်သားခြောက်ခြင်းဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျက်ရည်တွေဟာ မျက်လုံးအတွက် ချောဆီအနေနဲ့ လုံလောက်စွာမပံ့ပိုးနိုင်တဲ့အချိန်မှာ ခံစားရနိုင်ပါတယ်။ ဥပမာအားဖြင့် မျက်ရည်အလုံအလောက်မထုတ်လုပ်နိုင်တဲ့အခါ (သို့) အရည်အသွေးမပြည့်တဲ့ မျက်ရည်တွေပဲ ထုတ်လုပ်နိုင်တဲ့အခါမှာ မျက်သားခြောက်ခြင်းဖြစ်တတ်ပါတယ်။
မျက်သားခြောက်တဲ့အခါမှာ စူးသလိုလို ပူစပ်ပူလောင်ဖြစ်သလိုလိုနဲ့ နေလို့မကောင်းပါဘူး။ အထူးသဖြင့် မျက်သားခြောက်ခြင်းကို လေယာဉ်စီးခြင်း၊ လေအေးပေးစက်ဖွင့်ထားတဲ့ အခန်းထဲမှာနေခြင်း၊ ဆိုင်ကယ်စီးခြင်း (သို့) အချိန်အတော်ကြာအောင် ကွန်ပျူတာအသုံးပြုခြင်း စတဲ့အခြေအနေတွေမှာ ပိုမိုကြုံတွေ့ခံစားရနိုင်ပါတယ်။
မျက်သားခြောက်ခြင်းအတွက် ကုထုံးတွေဖြစ်တဲ့ လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ မျက်စဉ်းခတ်ခြင်းဖြင့် သက်တောင့်သက်သာ မဖြစ်မှုကိုလျော့နည်းစေနိုင်ပါတယ်။
♦ ရောဂါလက္ခဏာများ
အများအားဖြင့် မျက်စိနှစ်ဖက်လုံးမှာ ဖြစ်တတ်ပြီး ရောဂါလက္ခဏာတွေကတော့ -
- မျက်လုံးအတွင်း၌ စူးအောင့်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း
- မျက်ဝတ်ထွက်ခြင်း
- အလင်းဒဏ်ကိုမခံနိုင်ခြင်း
- မျက်လုံးနီရဲခြင်း
- မျက်စိထဲ၌ ခိုးလို့ခုလုဖြစ်ခြင်း
- မျက်ကပ်မှန်တပ်ဆင်ရခက်ခဲခြင်း
- ညဘက်ကားမောင်းရခက်ခဲခြင်း
- မျက်သားခြောက်ခြင်းကြောင့် မသက်မသာဖြစ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်မှ အရည်များပိုမိုထုတ်လုပ်ကာ မျက်စိကိုစိုစွတ်စေခြင်း
- အမြင်အာရုံကြည်လင်ခြင်း၊ မျက်စိညောင်းခြင်း
♦ ဖြစ်ပွားရသည့်အကြောင်းအရင်းများ
မျက်ရည်တွေမလုံလောက်ခြင်းကြောင့် မျက်သားခြောက်ရခြင်းဖြစ်ပါတယ်။ မျက်ရည်ဆို်တာ ရေ၊ အဆီနဲ့ အချွဲတွေ ရောနေတဲ့ အစုအပေါင်းတစ်ခုဖြစ်ပြီး မျက်စိရဲ့မျက်နှာပြင်ကို ချောမွေ့ကြည်လင်စေရုံသာမက မျက်လုံးအတွင်းသို့ ပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
အချို့သူတွေမှာ မျက်ရည်ထုတ်လုပ်မှုလျော့နည်းတာကြောင့် မျက်စိခြောက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။ အခြားသူတွေမှာကတော့ မျက်ရည်အငွေ့ပျံ့နှုန်းမြန်လွန်ခြင်းနဲ့ မျက်ရည်ပြုလုပ်ရာမှာ ဟန်ချက်မညီခြင်းတို့ကြောင့် မျက်စိခြောက်ကြတာဖြစ်ပါတယ်။
♦ မျက်ရည်ထုတ်လုပ်မှုကျဆင်းခြင်း
မျက်ရည်ထုတ်လုပ်မှု မလုံလောက်တာကြောင့် မျက်စိခြောက်ရခြင်းကို ဆေးပညာဝေါဟာရအရ Kerato conjunctivitis scca လို့ခေါ်ကြပါတယ်။ မျက်ရည်ထုတ်လုပ်မှုကျဆင်းရတဲ့ အကြောင်းအရင်းတွေကတော့ -
- အသက်အရွယ်ကြီးရင့်လာခြင်း
- ဆီးချိုရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းရောဂါ၊ ခန္ဓာကိုယ်ခုခံအားစနစ် တုံ့ပြန်မှုလွန်ကဲခြင်းရောဂါများ၊ အရေပြားတောင့်တင်းရင့်မာခြင်းရောဂါ၊ တံတွေးနဲ့မျက်ရည်ဂလင်း ပုံမှန်မဟုတ်တဲ့ ရောဂါ၊ လည်ပင်းကြီးရောဂါနဲ့ ဗီတာမင် A ချို့တဲ့ခြင်း စတဲ့ရောဂါအခြေအနေများ
- အချို့သောဆေးဝါးများ (ဥပမာ - ယားယံမှုသက်သာစေသော ဆေးများ၊ နှာရည်ယိုခြင်းမှ သက်သာစေသော ဆေးများ၊ ဟော်မုန်းဆေးများ၊ စိတ်ကျရောဂါကုသရာတွင် အသုံးပြုသောဆေးများ၊ သွေးတိုးကျဆေး၊ ဝက်ခြံပျောက်ဆေး၊ သနေ္ဓတားဆေးများ)
- မျက်စိကို လေဆာဖြင့်ခွဲစိတ်မှုခံယူခြင်း (မျက်စိခြောက်ခြင်းကို ခေတ္တခဏသာခံစားရလေ့ရှိပါတယ်။)
- ရောင်ရမ်းခြင်းနှင့် ဓာတ်ရောင်ခြည်တို့ကြောင့် မျက်ရည်ဂလင်းများ ပျက်စီးခြင်း
♦ မျက်ရည်အငွေ့ပျံနှုန်းမြင့်မားခြင်း
- လေတိုက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ခြောက်သွေ့သောလေ
- တစ်စုံတစ်ခုကို အာရုံစိုက်နေစဉ် မျက်တောင်ခတ်တဲ့အကြိမ်ရည်နည်းပါးခြင်း (ဥပမာ - စာဖတ်ခြင်း၊ ကားမောင်းခြင်း၊ ကွန်ပျူတာဖြင့် အလုပ်လုပ်ခြင်း)
- မျက်ခွံအပြင်ဘက်သို့ လန်ခြင်း (သို့) အတွင်းသို့စိုက်ဝင်နေခြင်း
♦ မျက်ရည်တွင်ပါဝင်မှုအချိုးအစား မညီမျှခြင်း
မျက်ရည်တွင် ဆီ၊ ရေနဲ့ အချွဲဟူ၍ အခြေခံအလွှာ 3 လွှာပါရှိပါတယ်။ ဒါကြောင့် ဘယ်အလွှာမှာပဲ ပြဿနာရှိရှိ မျက်စိခြောက်ခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ ဥပမာအားဖြင့် မျက်ခမ်းစပ်မှာရှိတဲ့ အဆီထုတ်ပေးနိုင်တဲ့ ဂလင်းလေးများ ပိတ်ဆို့သွားခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ မျက်ခမ်းစပ်ရောင်ရမ်းခြင်းနဲ့ အခြားအရေပြားပြဿနာတွေကြောင့်ပဲဖြစ်ပါတယ်။
♦ ဖြစ်ပွားမှုနှုန်းမြင့်တက်စေနိုင်သော အချက်များ
အသက် 50 နောက်ပိုင်းတွင်းအဖြစ်များခြင်း - အသက်ကြီးလာတာနဲ့အမျှမျက်ရည်ထုတ်လုပ်မှုနှုန်းကျဆင်းသွားလို့ပဲဖြစ်ပါတယ်။
အမျိုးသမီးဖြစ်ခြင်း - အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားရခြင်းမှာ ကိုယ်ဝန်ဆောင်ခြင်း၊ သနေ္ဓတားဆေးများသုံးစွဲခြင်း၊ သွေးဆုံးခြင်းတို့ကြောင့် ဟော်မုန်းများပြောင်းလဲခြင်း
- အသည်း၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းတို့တွင်ပါဝင်လေ့ရှိသော ဗီတာမင် A ဓာတ်ချို့တဲ့ခြင်း (သို့) ငါး၊ သစ်ချသီးနဲ့ ဟင်းသီးဟင်းရွက်ဆီတို့တွင်ပါဝင်သော အိုမီဂါ 3 အက်ဆစ်ဘီဓာတ်စားသုံးမှုနည်းပါးခြင်း
- မျက်ကပ်မှန်ဝတ်ဆင်ခြင်း
♦ နောက်ဆက်တွဲဆိုးကျိုးများ
မျက်စိပိုးဝင်ခြင်း - မျက်ရည်တွေဟာ မျက်စိရှေ့မှာ အလွှာတစ်ခုအနေနဲ့ကာကွယ်ထားပြီး ရောဂါပိုးမဝင်အောင်ဟန့်တားပေးထားပါတယ်။ ဒါကြောင့် မျက်ရည်တွေမလုံလောက်တဲ့အခါမှာ မျက်စိအတွင်းသို့ ရောဂါပိုးဝင်ရောက်နိုင်ချေမြင့်တက်လာပါတယ်။
- မကုသဘဲထားပါက မျက်လုံးမျက်နှာပြင်ပျက်စီးနိုင်ပါတယ်။ ဆိုးဆိုးရွားရွားမျက်စိခြောက်တဲ့သူတွေမှာ မျက်စိရောင်ရမ်းခြင်း၊ မျက်ကြည်လွှာပွန်းပဲ့ခြင်း၊ မျက်ကြည်လွှာတွင် အနာဖြစ်ခြင်းနဲ့ အမြင်အာရုံပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
- ဘဝရဲ့တန်းဖိုးလျော့ကျသွားသည်ဟုခံစားရစေခြင်း၊ စာဖတ်ခြင်းကဲ့သို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာတွင် အခက်အခဲတွေ့နိုင်ပါတယ်။
♦ စမ်းသပ်စစ်ဆေးမှုများနှင့် ရောဂါရှာဖွေခြင်း
- မျက်စိစမ်းသပ်ခြင်းနှင့် ရောဂါရာဇဝင်မေးမြန်းခြင်း
- မျက်ရည်ပမာဏကိုတိုင်းတာခြင်း၊ အောက်မျက်ခမ်းပေါ်တွင် ဆီစုတ်စက္ကူအပိုင်းအစတစ်ခုကိုတင်၍ ငါးမိနစ်ခန့်ကြာလျှင် ၎င်းစက္ကူကိုကြည့်၍ ဆရာဝန်မှ မျက်ရည်ထွက်နှုန်းကိုတိုင်းတာခြင်း
- မျက်ရည်အရည်အသွေးကိုစစ်ဆေးခြင်း၊ ဆရာဝန်မှ အထူးပြုလုပ်ထားတဲ့ ဆိုးဆေးမျက်စဉ်းကို ခတ်ပေးကာ မျက်ကြည်လွှာပေါ် စွန်းထင်မှုပုံသဏ္႑ာန်ကိုကြည့်ခြင်းနှင့် အငွေ့ပျံချိန်ကိုတိုင်းတာခြင်း
♦ ကုသမှုခံယူခြင်း
တစ်ခါတစ်ရံနဲ့ ဆိုးဆိုးရွားရွားမဟုတ်တဲ့ မျက်လုံးဝေဒနာတွေအတွက် မျက်ရည်တုခတ်ခြင်းဖြင့် သက်သာစေပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေက ပိုမိုပြင်းထန်ပါက မျက်စိခြောက်စေတဲ့အကြောင်းအရင်းပေါ်မူတည်၍ ကုထုံးအမျိုးမျိုးရှိပါတယ်။
အချို့သောကုသမှုတွေဟာ မျက်စိခြောက်စေနိုင်တဲ့ အခြေအနေတွေကို ဖယ်ရှားရှင်းလင်းခြင်းဖြစ်ပြီး အချို့ကုထုံးတွေကတော့ မျက်ရည်အရည်အသွေးကို ကောင်းမွန်စေ၍ မျက်လုံးမှမျက်ရည်များလျင်မြန်စွာ စိမ့်ထွက်သွားစေခြင်းကို ဟန့်တားပေးခြင်းဖြစ်ပါတယ်။
♦ မျက်စိခြောက်ခြင်းဖြစ်စေသည့် နောက်ခံအကြောင်းအရင်းကို ကုသခြင်း
မျက်ခမ်းရောင်ရမ်းခြင်းကို သက်သာစေနိုင်သော ဆေးများ
မျက်ခမ်းစပ်တစ်လျှောက် ရောင်ရမ်းခြင်းကြောင့် မျက်ရည်အတွက်လိုအပ်တဲ့ အဆီများထုတ်လုပ်ပေးတဲ့အဆီဂလင်းတွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ ထိုအခြေအနေအတွက် ဆရာဝန်မှ ပဋိဇီဝဆေးများပေးလေ့ရှိပါတယ်။ မျက်စိခြောက်ခြင်းအတွက် အသုံးပြုတဲ့ပိုးသတ်ဆေးတွေဟာ အများအားဖြင့် ပိုးသတ်ဆေးတွေဖြစ်ပြီး တစ်ခါတစ်လေမှာတော့ မျက်စဉ်းတွေလည်းဖြစ်တတ်ပါတယ်။
- ကိုယ်ခံအားစနစ်ကိုကျဆင်းစေတဲ့ဆေးများ (သို့) စတီးရွိုက်ပါဝင်တဲ့ မျက်စဉ်းများကိုအသုံးပြုခြင်းဖြင့် မျက်ကြည်လွှာရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် စတီးရွိုက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရေရှည်သုံးစွဲဖိုတော့မသင့်တော်ပါဘူး။
- ပြင်းထန်တဲ့မျက်စိဝေဒနာကို မျက်ရည်တုတွေက မသက်သာစေဘူးဆိုပါက hydroxypropyl cellulose (lacrisert) ပါဝင်တဲ့ ဆန့်စေကဲ့သို့ မျက်စိအတွင်းထည့်ပစ္စည်းကို မျက်လုံးနဲ့အောက်မျက်ခမ်းကြားမှာထည့်ထားပါ။ ၎င်းပစ္စည်းမှာ တဖြည်းဖြည်းပျော်ဝင်ကာ မျက်ရည်တုမှာပါဝင်တဲ့ ဓာတ်ပေါင်းများစွာကို ထုတ်ပေးခြင်းဖြင့် မျက်လုံးကိုချောမွေ့စေပါတယ်။
- မျက်ရည်ထွက်နှုန်းကို အားပေးတဲ့ဆေးများ (cholinergics) - ဆေးလုံး၊ လှဲလ် (သို့) မျက်စဉ်းအနေနဲ့အသုံးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ချေွးထွက်လွန်ခြင်းပဲဖြစ်ပါတယ်။
- မိမိရဲ့သွေးဖြင့် ပြုလုပ်တဲ့မျက်စဉ်း - မျက်စိခြောက်ခြင်းဝေဒနာဟာ ဆိုးရွားလွန်းတာကြောင့် တခြားကုသမှုတွေနဲ့ မသက်သာတော့ဘူးဆိုပါက သွေးနမူနာကိုယူကာ သွေးနီဥတွေကိုဖယ်ရှားပြီး ဆားရည်ဖြင့်ရော၍ မျက်စဉ်းပြုလုပ်နိုင်ပါတယ်။
♦ အခြားကုထုံးများ
မျက်ရည်ဆုံးရှုံးခြင်းမှကာကွယ်ရန် မျက်ရည်စီးကြောင်းပြွန်များကိုပိတ်ခြင်း
မျက်ရည်တွေကိုအဝေးသို့သယ်ဆောင်သွားနိုင်တဲ့ ပြွန်တွေကို လုံးဝ (သို့) တစ်စိတ်တစ်ဒေသပိတ်ဆို့လိုက်ခြင်းဖြင့် မျက်လုံးမှ မျက်ရည်များအလျင်အမြန်စီးဆင်းသွားခြင်းကို ကာကွယ်နိုင်ပါတယ်။
- မျက်ရည်စီးကြောင်းပြွန်များကို ဆီလီကွန်အဆို့များဖြင့် ယာယီပိတ်ခြင်း (သို့) အပူပေး၍ အမြဲတစေပိတ်ဆို့ခြင်း
အထူးပြုလုပ်ထားတဲ့ မျက်ကပ်မှန်များကို တပ်ဆင်ခြင်း - ၎င်းမျက်ကပ်မှန်တွေဟာ မျက်လုံးမျက်နှာပြင်ကို ကာကွယ်ပေးနိုင်ရုံသာမက မျက်လုံးအစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။
ပိတ်ဆို့နေသော အဆီဂလင်းများကိုဖွင့်ပေးခြင်း - ကုသနေစဉ်အတွင်းမှာ မျက်လုံးအကာနဲ့တူတဲ့ ပစ္စည်းတစ်မျိုးကို မျက်လုံးပေါ်တင်ထားပါတယ်။ ၎င်းပစ္စည်းသည် အောက်မျက်ခမ်းကို အပူပေး၍ 15 မိနစ်ခန့် ညင်သာစွာနှိပ်နယ်ပေးပါတယ်။ ဒီနည်းလမ်းဟာ ပုံမှန်ရေနွေးကပ်ခြင်းနဲ့ မျက်ခမ်းဆေးကြောခြင်းတို့ထက် ပိုကောင်းတယ်လို့တော့မဆိုလိုပါဘူး။
အလင်းကုထုံးနှင့် မျက်ခမ်းနှိပ်နယ်ခြင်း - ပြင်းထန်ဆိုးရွားတဲ့မျက်စိခြောက်ခြင်းတွေကို ကုသဖို့အတွက် နည်းစနစ်တစ်ခုကတော့ အလင်းကုထုံးဖြင့်ကုသမှုခံယူပြီးနောက် မျက်ခမ်းများကို နှိပ်နယ်ပေးခြင်းပဲဖြစ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)




























