များများအိပ်လေ အပျင်းထူလေ အသက်တိုလေတဲ့
အိပ်ချိန် လွန်ကဲတာဟာ ကျန်းမာရေးအတွက် ရန်သူတစ်ရပ်လို့ စတင်လက်ခံလာကြပါပြီ။ သင့်တော်ကောင်းမွန်တဲ့ အိပ်ချိန်ဟာ သင့်ကို ကိုယ်ရောစိတ်ပါ ကျန်းမာစေပေမယ့်လည်း တန်ဆေး လွန်ဘေးဆိုသလို အိပ်ချိန်များတာကလည်း ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။
အိပ်ချိန်ကို တစ်ရက်ကို ၈ နာရီ သတ်မှတ်ထားပြီး ၁၀ နာရီနဲ့အထက် အိပ်သူတွေမှာ သွေးတိုး၊ နှလုံးသွေးကြောရောဂါနဲ့ အဝလွန်ရောဂါတွေ ဦးနှောက်စွမ်းရည် နည်းလာတာတွေ ကြုံနိုင်ပါတယ်။
သွေးတိုးရောဂါ ရှိသူတွေမှာဆိုရင် အိပ်ချိန်လွန်ကဲလေ မြန်မြန်လေဖြတ်နိုင်လေပါပဲတဲ့။ လေဖြတ်စေနိုင်တဲ့ အန္တရာယ် နှစ်ဆ၊ သုံးဆ တက်သွားတဲ့အတွက် သွေးတိုးရောဂါ ရှိသူများအတွက်တော့ ကြောက်စရာ သတိပေးချက်တစ်ခုလို့ မှတ်ယူရမှာပါ။
အိပ်ချိန် များတာနဲ့အတူ ကိုယ်လက်လှုပ်ရှားမှု နည်းတာကလည်း တစ်ဒုက္ခပါပဲ။
ကိုယ်လက်လှုပ်ရှားမှုဆိုတာ အားကစားလုပ်ငန်းတစ်ခု လမ်းလျှောက်တာ၊ ပြေးတာ တစ်ခုခုကို အချိန်တစ်ခုခု သတ်သတ်မှတ်မှတ်ပေးပြီး ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နေ့စဉ် လမ်းလျှောက်၊ ကိုယ်လက်လှုပ်ရှားနေသူအဖို့ သွေးလည်ပတ်မှု အစဉ်ကောင်းနေဖို့ ထိန်းထားသလို ဖြစ်နေတဲ့အတွက် အလွန်အဆင်ပြေတဲ့ အသက်ရှည်လမ်းစဉ် ဖြစ်ပါတယ်။
တစ်ပတ်ကို ၃၀ မိနစ်ခန့် အချိန်ယူပြီး ကိုယ်လက်မလှုပ်ရှားဘူး ဆိုရင်တော့ ဆီးချို၊ သွေးတိုးနဲ့ အဝလွန်ရောဂါတွေကို ဖိတ်ခေါ်နေပါပြီ။
အိပ်ချိန် များတာနဲ့ ပျင်းရိတာ၊ ဘာမှမလုပ်ချင်တာ၊ ပေါင်းစပ်လိုက်တဲ့အခါ လှုပ်ရှားမှုနည်းပြီး ထိုင်းမှိုင်းသော ခန္ဓာကိုယ်တစ်ခု ဖြစ်လာပါတယ်။ ထိုင်းမှိုင်းလေးလံတဲ့ ခန္ဓာတစ်ခုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း မကျန်းမာတဲ့အခြေအနေကို လျင်မြန်စွာ ကူးပြောင်းရောက်ရှိသွားပြီး အသက်ရှည်ရှည် မနေနိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် အိပ်ချိန်ကို သင့်တင့်စွာထားခြင်း လှုပ်ရှားမှု ကြိုးကြိုးစားစား လုပ်ဆောင်ခြင်း၊ လမ်း ခပ်သွက်သွက် လျှောက်ခြင်း၊ လက်ဆန့်တန်း လေ့ကျင့်ခန်းလုပ်ခြင်း၊ အမြဲဖျတ်လတ် ကျန်းမာအောင် ထိန်းသိမ်းပြုပြင်နေထိုင်ခြင်းဖြင့် ကျန်းမာသက်ရှည်စွာ သာသာယာယာဘဝမှာ နေလိုက်ကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























