မျိုးရိုးလိုက် တုန်ယင်ခြင်း (ခြေတုန်၊ လက်တုန်ဖြစ်ခြင်း)
>> အဓိကအချက်များ
၁။ မျိုးရိုးလိုက် တုန်ခြင်းဆိုတာဟာ ဘာအကြောင်းရင်းမှ မရှိပါဘဲ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထိန်းမရအောင် တုန်လှုပ်နေတာကို ခေါ်တာပါ။
၂။ မျိုးရိုးလိုက် တုန်ခြင်းဟာ အဖြစ်များပြီး နယူးဇီလန် လေ့လာမှုတစ်ခုအရ နယူးဇီလန် နိုင်ငံသားတွေရဲ့ ၁% - ၅% လောက်မှာ ဖြစ်တတ်တယ်လို့ သိရပါတယ်။
၃။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ ကျော်သူတွေမှာ ပိုဖြစ်နိုင်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်နိုင်ပါတယ်။
၄။ မျိုးရိုးလိုက် တုန်ခြင်းဆိုတဲ့ အမည်အတိုင်း မိသားစုတစ်စုအတွင်း တစ်ယောက်ထက်မက ဖြစ်နိုင်ပါတယ်။
၅။ လူအများစုက ဒီရောဂါကို ပါကင်ဆန်ရောဂါ (အကြောအားနည်း၍ ခြေလက်တုန်တဲ့ရောဂါ) နဲ့ မှားယွင်းတတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီရောဂါနှစ်ခုဟာ တစ်ခုနဲ့တစ်ခု လုံးဝမတူပါဘူး။
>> ရောဂါလက္ခဏာများ
အဓိကလက္ခဏာကတော့ တုန်ယင်နေခြင်းပါပဲ။
အများစုမှာ အပျော့စား တုန်ယင်ခြင်းသာဖြစ်ပြီး ပိုဆိုးလာတာမျိုး မရှိတတ်ပေမယ့် ရံဖန်ရံခါ တချို့မှာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပိုဆိုးလာတာမျိုးတွေ တွေ့ရပါတယ်။ အရမ်းဆိုးတဲ့ ရောဂါအခြေအနေမျိုးမှာ နေ့စဉ်လုပ်ကိုင် လှုပ်ရှားမှုတွေကိုပါ ထိခိုက်စေနိုင်တဲ့အထိ ရှိနိုင်ပါတယ်။
အစပိုင်းမှာ တစ်ခါတစ်ရံသာ အနည်းငယ် တုန်ယင်တတ်ပေမယ့် နောက်ပိုင်း ပိုပိုဆိုးလာနိုင်ပါတယ်။
တစ်ခါတစ်ရံ -
● စိတ်ဖိစီးမှုများခြင်း
● ပင်ပန်းနွမ်းနယ်ခြင်း
● ကဖိန်းဓာတ်
● ပူလွန်း၊ အေးလွန်းခြင်းတို့ကြောင့် ပိုဆိုးလာတတ်ပါတယ်။
>> မျိုးရိုးလိုက် တုန်ယင်ခြင်းကို သိနိုင်ဖို့ ...
မျိုးရိုးလိုက် တုန်ယင်ခြင်းအတွက် သီးသန့် စစ်ဆေးစမ်းသပ်မှု မရှိတာကြောင့် ရောဂါလက္ခဏာ၊ ရောဂါရာဇဝင်၊ မိသားစုရာဇဝင်တွေကို မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတွေနဲ့ သိုင်းရွိုက်ရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ တုန်ယင်စေတတ်တဲ့ ဆေးတွေကို အရင်ပယ်ပြီးမှ ရောဂါအမည် တပ်သင့်ပါတယ်။
>> ကုသနည်းများ
မျိုးရိုးလိုက် တုန်ယင်ခြင်းဟာ ပျောက်ကင်းအောင် ကုသမရနိုင်ပါဘူး။
ရောဂါလက္ခဏာ မပြင်းထန်ခဲ့ရင် ကုသစရာလည်း မလိုပါဘူး။ ဒါပေမဲ့ တုန်ယင်ခြင်းကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ အခက်တွေ့နေရပြီ ဆိုရင်တော့ Beta blocker (propranolol) ဆိုတဲ့ ဆေးတွေ၊ အတက်ကျဆေး primidome, gabapentin ဆိုတဲ့ ဆေးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
ဆေးနဲ့ မနိုင်တဲ့ ဆိုးဆိုးရွားရွား တုန်ယင်ခြင်းမျိုးအတွက် ခွဲစိတ်တဲ့နည်းလမ်း ရှိပါသေးတယ်။ Thalamotomy နဲ့ Thalamic deep brain stimulation လို့ခေါ်တဲ့ အဓိက ခွဲစိတ်နည်း နှစ်မျိုးကို စဉ်းစားနိုင်ပါတယ်။ ဒီခွဲစိတ်နည်းတွေဟာ Thalamus လို့ခေါ်တ့ဲ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ကြား သွားလာနေတဲ့ သတင်းအချက်အလက်တွေကို စုစည်းပေးတဲ့နေရာကို ခွဲစိတ်ကုသတာပဲ ဖြစ်ပါတယ်။
>> မတုန်ယင်အောင် ဘယ်လိုနေထိုင်မလဲ?
● ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ခြင်း
● ဆေးလိပ်ဖြတ်ခြင်း
● အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ခြင်း
● စိတ်ဖိစီးမှုကို ထိန်းသိမ်းခြင်း
● ယောဂ၊ အပ်စိုက် ကုသနည်း၊ ထိုက်ချီ စတဲ့ ကုထုံးတွေနဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နေထိုင်ခြင်း
● ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်ဖို့ ပြည့်ပြည့်ဝဝ အနားယူခြင်း။
Dr. Mya Phoo Ngon (www.drmyanmar.com)





























