မြန်မာ့မီးဖိုချောင်က ထွက်သော အဆိပ်ဓာတ်ငွေ့များ
" သားရေ ... အမေတင်ထားတဲ့ပန်းကန်တွေ ဆေးလိုက်ပါဦး "
မိခင်၏ အသံကနေ ချွဲသံများ တဂူးဂူး ကြားနေရလေသည်။ အန်တီဒေါင်းတစ်ယောက် ချွဲတွေ ထနေသည်မှာ ကြာလေပြီ။ သလိပ်ကပ် ချောင်းဆိုးလိုက် သက်သာလိုက်နှင့် ရက်ရှည်နေပြီ။
" အကုန်ဆေးပြီးပြီ အမေရေ ... အဆင်သင့်ပါအမေ "
သာယာချိုအေးသော အသံနှင့် ပြန်ပြောနေသူမှာ သားတော်မောင် ဖြစ်နေလေသည်။ သမီးမိန်းကလေးနှင့်မခြား အားကိုးရသောသားအတွက် မည်သည့်မိခင်မဆို ကျေနပ်ကြည်နူးသွားကြပေမည်။
သမီးမိန်းကလေး ရယ်လို့မရှိ။ သားများနှင့်သာ အတူစား၊ အတူသွား သားတွေပြုစုသမျှခံရင်း ဘဝကိုဖြတ်သန်းခဲ့သူ ဒေါ်ဒေါင်း။
ဒေါ်ဒေါင်းတို့က အိမ်ထောင်ကျပြီးကတည်းက ဟင်းချက်ရောင်းသည်။ အိမ်ထဲတွင် ကြော်လှော်ချက်ပြုတ်။ တစ်သက်လုံး ညှော်နှင့် မလွတ်ကင်းခဲ့သူ။ ကြာတော့ မီးခိုးငွေ့တွေကို အကျင့်ရလာသည် ထင်သည်။ အိမ်က ကျဉ်းသော်လည်း ဒီလုပ်ငန်း လုပ်လာသည်မှာ သားတွေတစ်သက်ရှိပြီ။
" အိမ်ထဲမှာ ထင်းမီးသွေးလောင်စာ စတာတွေနဲ့ ကြာရှည်ချက်ပြုတ်လာသူတွေမှာ မီးခိုးငွေ့တွေကြောင့် အဆုတ် အဆိပ်သင့်စေပါတယ်။ နာတာရှည်အဆုတ်ရောင်ရောဂါတွေ လေပြွန်ရောင်ရောဂါတွေ ဖြစ်စေပါတယ် "
သားငယ်က အသံကျယ်ကျယ်နဲ့ အော်ဖတ်နေသောအသံကို ကြားလိုက်မှ လန့်သွားလေသည်။
သားငယ်က ကိုးတန်းသာ ရှိသေးသော်လည်း အလွန်သွက်လက်ချက်ချာလေသည်။ ကျန်းမာရေး ဗဟုသုတများကို ဖတ်လေ့ရှိသည်။
" အိုမား ... သားတို့အိမ်ထဲမှာ မီးဖိုကို ထင်း၊ မီးသွေးနဲ့ ချက်တာက အဆုတ် အဆိပ်သင့်သတဲ့ဗျ"
သားငယ်က ပြောလည်းပြော ... အိမ်မီးဖိုချောင်ထဲလည်း ပြေးဝင်သွားလေသည်။ သားကြီးက ပန်းကန်တွေ ဆေးကြောပြီး ချိုင့်တွေကို အဝတ်ခြောက်နှင့် စိမ်ပြေနပြေ ထိုင်သုတ်နေသည်။
" သားတို့ ထင်းမီးသွေးသုံးပြီး ဟင်းချက်တာ အဆိပ်သင့်တယ်တဲ့ "
သားကြီးက ၉ တန်းအရွယ် ညီငယ်ကို ချစ်မဝသော မျက်လုံးများနှင့် လှမ်းကြည့်ရင်း သတင်းစာကို ဆွဲယူလိုက်လေသည်။
" ဟုတ်သလားကွ "
" ဟုတ်တယ်ကိုကို ... ဒီမှာ သားဖတ်နေတာ ... ကြည့်ကြည့် "
ဒီအိမ်မှာက တစ်သက်လုံး ထင်းမီးသွေးနဲ့ ချက်လာရသည်။ မိခင်နှင့်ဖခင်မှာ ဒီလုပ်ငန်းနဲ့ သူ့ကို ကျောင်းထားပေးခဲ့သည်။ ဖခင်မှာ သူငယ်စဉ်ကတည်းက ဆုံးသွားခဲ့တာကြာပြီ။ အဆုတ်ရောဂါလို့သာ သိရသည်။
ညတိုင်း မနက်စောစောတိုင်း ချောင်းတဟတ်ဟတ် ဖြစ်နေပြီး စကားပြောတိုင်း ချွဲသံပါနေသောမိခင်ကို လှမ်းမြင်လိုက်မိလေသည်။ သြော် ... မီးဖိုချောင်က ထွက်နေသော အဆိပ်ဓာတ်ငွေ့များ။
ညီငယ်က ဟန်ပါပါနှင့် သတင်းစာ ဆက်ဖတ်နေလေသည်။
" ဟွာဝေးကုမ္ပဏီပိုင်ရှင်သမီးအား လွှတ်ပေးရန် ကနေဒါနိုင်ငံအား တရုတ်မှတောင်းဆို ... အယ်ဗျာ ... သူ့သမီးက ဘာတွေသွားဘရုတ်ကျမှန်းမှ မသိတာ ... "
သားကြီးက ချင့်ချင့်ချိန်ချိန် တွေးနေလေသည်။ ဆရာ၀န်နဲ့ပြကာ မိခင်၏ အဆုတ်ကို စစ်ဆေးရမည်။ တစ်သက်လုံး ထင်းမီးသွေးနှင့် ချက်လာသော မီးဖိုကထွက်သော မီးခိုးအခိုးအငွေ့များကို တစ်သက်လုံး ရှူလာရသော မိခင်ကြီး။ ဒီမီးဖိုချောင်ကိုတော့ တစ်ခုခုတော့ ပြုပြင်ပြောင်းလဲရတော့မည်။ ရှေးဆန်သောမိခင်ကို နည်းနည်းတော့ အတိုက်အခံလုပ်ရမည်။ ဒီတိုင်း ရေရှည်ဆက်သွားလို့မဖြစ်။ ညီငယ်နှင့်သူပါ ကျန်းမာရေး ထိခိုက်လာမည်။
မီးသွေးဖိုမှ မီးခဲများမှ တရဲရဲတောက်လောင်နေသည်ကို စူးစိုက်ကြည့်ရင်း သားကြီးသည် လေးလေးနက်နက် စဉ်းစားခန်းဝင်နေလေသည်။
---------------------------------------------------------------------------------------------------------------------
မြန်မာပြည်က မီးဖိုချောင်တွေမှာ ထင်းမီးသွေးနဲ့ချက်တဲ့ ဓလေ့အလွန်တွင်ကျယ်ခဲ့ပါတယ်။ လျှပ်စစ်ပြည့်စုံစွာ မရှိတာရယ် ... ထင်းမီးသွေးကလည်း အလွယ်တကူ ဝယ်လို့ရနေတာကြောင့် အိမ်တွင်းမီးခိုးငွေ့တွေရဲ့ ရေရှည်အန္တရာယ်တွေကို မိသားစုဝင်တွေ ခံစားနေရတုန်းပါပဲ။
အိမ်တွင်းမီးခိုးငွေ့တွေကို တစ်ချိန်လုံး ရှူရှိုက်လာရတဲ့သူတွေမှာ ဒီလိုရောဂါတွေ ဖြစ်စေပါတယ်။ သေချာတာကတော့ အဆုတ်ရောဂါ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဟင်းချက်ရာကထွက်တဲ့ အခိုးအငွေ့တွေကြောင့် အောက်ပါရောဂါတွေ ဖြစ်ပွားသေဆုံးနိုင်ပါတယ်။
● အဆုတ်ရောင်ရောဂါ
● လေဖြတ်လေငန်းရောဂါ
● နှလုံးသွေးကြောကျဉ်းရောဂါ
● နာတာရှည်လေပြွန်ရောင်ရောဂါ
● အဆုတ်ကင်ဆာတို့ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ ၁ ဘီလီယန်ခန့််ဟာ ရသင့်ရထိုက်တဲ့ လျှပ်စစ်မီး မရရှိတာကြောင့် ထင်းမီးသွေးလောင်စာကို အသုံးပြုပြီး ဟင်းချက်ပြုတ်ကြရင်း ကာဗွန်ဆိပ်သင့်မှန်း မသိသင့်နေရင်း ဖော်ပြပါရောဂါတွေ ခံစားရပြီး စောစီးစွာ အသက်ဆုံးရှုံးလျက် ရှိနေပါတယ်။ ထင်းမီးသွေးနဲ့ ဟင်းချက်တဲ့အခါတိုင်း ပြတင်းပေါက်တွေ အကုန်ဖွင့်လှစ်ထားပါ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အနားမှာ ပန်ကာ ဖွင့်ပေးထားပါ။
အထူးသဖြင့် အမျိုးသမီးတွေ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေဟာ ဒီလိုထင်းမီးသွေးလောင်စာက ထွက်တဲ့ မီးခိုးငွေ့တွေကို နေ့စဉ်ထိတွေ့နေရတဲ့အတွက် ချောင်းဆိုးရင်ကြပ်တဲ့အခါ မောတဲ့အခါ အသက်ရှူမဝဖြစ်တဲ့အခါတိုင်း မိမိရဲ့အဆုတ်နဲ့နှလုံးကို ဆရာဝန်နဲ့ အသေအချာပြသ စစ်ဆေးသင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























