/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရင်ဖွင့်ပြောပြခြင်းနှင့်-အင်တာနက်တွင်-ခံစားချက်-မျှေ၀ခြင်း

ရင်ဖွင့်ပြောပြခြင်းနှင့် အင်တာနက်တွင် ခံစားချက် မျှေ၀ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမျိုးသမီးတွေဟာ စိတ်နာကျင်မှုတွေ ဝမ်းနည်းပင်ပန်းမှုတွေ ရှိလာတဲ့အခါ ရင်ဖွင့်ရာ သက်သာရာကို ရှာလေ့ရှိပါတယ်။ အင်တာနက်ဟာ လုံခြုံမှုမရှိဆုံးနေရာပါပဲ။ အင်တာနက်ကို ရင်ဖွင့်ရာအဖြစ်  အများဆုံးသုံးတာ အမျိုးသမီးငယ်လေးတွေပါ။ သူတို့ဟာ သူမတို့ရဲ့ခံစားချက်တွေ၊ နာကျင်ရမှုတွေကို ဖေ့ဘုတ်နဲ့ ဆိုရှယ်မီဒီယာပေါ် တင်တယ်၊ မျှဝေတယ်။ ဒါကို သတိထား စောင့်ကြည့်နေရင်း Hi တဲ့သူက Hi တယ်။ အပြန်အလှန် စကားပြောကြရင်း သူမရဲ့အားနည်းချက်တွေ လျှို့ဝှက်ချက်တွေ အားလုံးကို တိုက်ခိုက်ချင်တဲ့သူက အကုန်မြင်သွားပါတော့တယ်။

          ဟယ်ရီပေါ်တာဇာတ်ကား၊ လျှို့ဝှက်ခန်းဆောင် Chamber of Secret ထဲက မြီးကောင်ပေါက်မလေး Jenny ဟာ သူမကို နားလညိတယ်လို့ ထင်ရတဲ့ တွမ်ရစ်ဒယ်ရဲ့ မှတ်တမ်းစာအုပ်ကို စွဲလမ်းမှုကတစ်ဆင့် ဒုက္ခရောက်သွားတာ ဖြစ်ပါတယ်။

          ဂျင်နီဟာ တွမ်ရစ်ဒယ်ရဲ့ မှတ်တမ်းထဲမှာ သူမရဲ့ခံစားချက်တွေကို ရေးချပါတယ်။ သူမဟာ တွမ်ဆိုတာ ဆိုးသွမ်းတဲ့မှော်ဆရာမှန်းလည်း မသိပါဘူး။ မှတိတမ်းစာအုပ်ဟာ မှော်စီရင်ထားတဲ့ သူမကို ဖမ်းစားနေပြီး သူမရဲ့အားအင်တွေကို စုပ်ယူနေတာဆိုတာလည်း သတိမထားမိခဲ့ပါဘူး။

          ဒီနေရာမှာ " သူ့ရဲ့ဦးနှောက် ဘယ်မှာရှိမှနိးမသိရင် ဘာကိုမှမယုံနဲ့ " ဆိုတဲ့ ဟယ်ရီပေါ်တာ ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ဝီစလေမေမေရဲ့ စကားလုံးလေးကို သတိထား မှတ်သားရပါတယ်။

          ဟိုတလောက အွန်လိုင်းပေါ်မှာ ခင်ကြရင်း အိမ်လာလည်ရင်း ဖုန်းခိုးယူသွားတဲ့ ဇာတ်လမ်းလေး ကြားလိုက်တယ်။ အမျိုးသမီးတွေရဲ့ ရင်ဖွင့်ရာစင်စစ်က ဆိုရှယ်မီဒီယာ မဖြစ်သင့်တော့ပါဘူး။ ဖေ့ဘုတ်နဲ့ အင်တာနက်၊ မက်ဆင်ဂျာ၊ ဗိုက်ဗာတွေဟာ သူ့ရဲ့ဦးတည်ရာ ဘယ်မှာရှိမှန်း မသိတဲ့ မိမိရဲ့အားအင်တွေကို စုပ်ယူသွားမယ့်၊ တစ်ခုခု အမြတ်ထုတ်မယ့် တွမ်ရစ်ဒယ်ရဲ့ မှော်နက်ပညာနဲ့ စီရင်ထားတဲ့စာအုပ် ဖြစ်နေတတ်ပါတယ်။

          နောက်ထပ် ဖြစ်ရပ်တစ်ခုမှာဆိုရင် အသက်အရွယ်ရပြီး အိမ်ထဲမှာပဲနေရတဲ့ မိခင်တစ်ယောက်၊  အပြင်က သူမသိကျွမ်းတဲ့ ယောက်ျားတယောက်နဲ့ အင်တာနက်မှာဆုံပြီး ကြွေလောက်အောင်ပြောပြီး ငွေအလိမ် ခံလိုက်ရပါတယ်။ သားဖြစ်သူက အချိန်မီသိလို့ တားလိုက်နိုင်တာပါ။

          ရင်ဖွင့်ရာနေရာ မှန်ကန်စေချင်ပါတယ်။ မိမိရဲ့ခံစားချက်တွေကို မသိတဲ့သူစိမ်းတွေကို မမျှဝေပါနဲ့။ ကိုယ်အပြင်မှာ မသိကျွမ်းရင် ပြန် မ Hi ပါနဲ့။

          အဲဒီလို လုပ်မိနေရင်လည်း အချိန်မီ ရပ်တန့်ပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်၊ အမြတ်ထုတ် ခံရတာတွေ၊ ငွေလိမ်ခံရတာတွေ၊ မုဒိမ်းမှုတွေဟာ အမျိုးသမီးတွေရဲ့ ခံစားချက် မျှဝေချင်တာကို အကြောင်းပြုပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတတ်တာ ဖြစ်ပါတယ်။ Screenshot တွေနဲ့ အချိန်မရွေး ပြဿနာ တက်သွားနိုင်တာကို သတိပြုကြဖို့ပါ။

          အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမီးနှစ်ယောက်ဟာ ဖေ့ဘုတ်ကို အသုံးချပြီး သူတို့မသိကျွမ်းတဲ့ ရပ်ဝေးမြေခြားက လူတွေနဲ့ ဆက်သွယ်ဖို့မလိုဘူးလို့ တင်းကြပ်တားမြစ်ပေးခဲ့ဖူးပါတယ်။

          ဒီတော့ အမျိုးသမီးတွေအတွက် မှာချင်တာက အနီးကပ် မိမိသူငယ်ချင်းကို ပိုတန်ဖိုးထားပါ။ ရင်ဖွင့်ရာနေရာ မှန်ကန်ပါစေ။ အင်တာနက်ဟာ ခံစားချက် မျှဝေရာနေရာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနိုင်ကျင့်ခံရတာ အကြမ်းဖက်ခံရတာတွေဟာ အင်တာနက်ကနေ အခြေပြုလေ့ရှိတာကို သတိပြုစေလိုပါတယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)