ရင်ဘတ်အောင့်တာ ကြောက်စရာ
ရင်ဘတ်အောင့်စေတဲ့ အကြောင်းအရင်းအမျိုးမျိုး ရှိပါတယ်။ တစ်စုံတစ်ယောက် ရင်ဘတ်အောင့်တဲ့အခါမှာ အရေးပေါ်ကုသမှု ခံယူဖို့လိုတဲ့ အသက်အန္တရာယ်ကို ဖြစ်စေနိုင်တဲ့ ရင်ဘတ်အောင့်တာလား? ရိုးရိုးရင်ဘတ်အောင့်တာလား? ဆိုတာကို ခွဲခြားနိုင်တဲ့လက္ခဏာတွေ ရှိပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ရင်ဘတ်အောင့်ခြင်းတွေကတော့ နှလုံးတိုက်ခိုက်ခံရမှု ပိုဆိုးလာခြင်း၊ အဆုတ်တွင် သွေးခဲခြင်း၊ အဆုတ်ပြားခြင်း၊ သွေးလွှတ်ကြောမကြီး ကွဲထွက်ခြင်းတို့ ဖြစ်ကြပါတယ်။ ဒီရောဂါ အခြေအနေတွေကို လွတ်ထွက်မသွားစေဖို့အတွက် ရင်ဘတ်အောင့်တဲ့သူတွေကို မေးသင့်တဲ့မေးခွန်း ရှိပါတယ်။
အချို့မေးခွန်းတွေက နောက်ကြောင်းရာဇ၀င်တွေ၊ နေထိုင်မှုပုံစံတွေနဲ့ ပိုပြီးတော့ ဆိုင်ပါတယ်။ ဥပမာအားဖြင့် သက်ကြီးရွယ်အိုတစ်ယောက်က သူ့ရဲ့သက်တမ်းတစ်လျှောက်လုံး ဆေးလိပ်သောက်ခဲ့တယ်။ သွေးတိုးလည်း ရှိတယ်။ သွေးတွင်းအဆီဓာတ်လည်း များနေတယ်ဆိုရင် ဒီအချက်တွေကို ကြည့်ပြီးတော့ ဖြစ်နိုင်ခြေတွေကို ခန့်မှန်းလို့ရပါတယ်။ ရင်ဘတ်အောင့်တဲ့သဘာ၀ကို သိဖို့အတွက် မေးခွန်း (3) ခု မေးဖို့ လိုပါတယ်။
• လှုပ်ရှားလိုက်မှ ရင်ဘတ်အောင့်တာလား?
• ရင်သားအောက်က အောင့်တာလား?
• Nitroglycerin ဆေးပြားသောက်ရင် သက်သာသွားလား?
ဒီမေးခွန်း (3) မျိုးထဲက တစ်ခုခုနဲ့ ကိုက်ညီတယ်ဆိုရင် ရင်ဘတ်အောင့်တာက နှလုံးကို သွေးစီးဆင်းမှု မကောင်းလို့ဖြစ်ပြီး နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
>> ပြင်းထန်သော ရင်ဘတ်အောင့်ခြင်း အမျိုးအစားများ
• Angina (ရင်ဘတ်အောင့်ခြင်း) ၏ လက္ခဏာများ - အဓိကလက္ခဏာ (3) ချက် ရှိပါတယ်။
* ရင်ညွန့်နေရာက အောင့်ခြင်း
* လှုပ်ရှားမှု တစ်ခုခု (သို့) စိတ်ဖိစီးမှုကြောင့် ရင်ဘတ်အောင့်တာ ပိုဆိုးလာခြင်း
* အနားယူလျှင် (သို့) Nitroglycerin ဆေးပြားငုံလျှင် သက်သာခြင်း
ဒီလက္ခဏာ (3) ရပ်လုံး ရှိတယ်ဆိုရင် Angina (သို့) ရင်ဘတ်အောင့်ခြင်း သေချာပါပြီ။ ဆိုလိုတာက နှလုံးသွေးကြောပိတ်တဲ့ရောဂါ ရှိနေပါပြီ။ လက္ခဏာတစ်မျိုးထဲရှိရင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနည်းပြီး နှစ်မျိုးရှိတယ်ဆိုရင်တော့ အန္တရာယ် ရှိပါတယ်။
• သွေးလွှတ်ကြောမကြီးကွဲထွက်ခြင်း - နောက်ကျောအောင့်ခြင်း
ဒီရောဂါက နှလုံးရှိတဲ့ ရင်ညွန့်ရိုးအောက်နေရာမှာ အောင့်ပြီးတော့ နောက်ကျောမှာဆိုရင် ဆွဲဖြဲခံရသလို (သို့) ဓားနဲ့ ထိုးလိုက်သလို အောင့်ပါတယ်။ သွေးလွှတ်ကြောမကြီးက အရှေ့ဘက်ကို ကွေးပြီးတော့မှ အနောက်ဘက်ကနေ အောက်ကိုဆင်းသွားတဲ့အတွက် ဒီသွေးကြော ကွဲထွက်သွားတဲ့အခါမှာ ရင်ဘတ်အောင့်တာနဲ့အတူ နောက်ကျောမှာပါ ဆွဲဖြဲလိုက်သလို ခံစားရတာ ဖြစ်ပါတယ်။
• အဆုတ်ထဲတွင် သွေးခဲပိတ်ခြင်း - ခြေထောက်တစ်ဖက် ရောင်ခြင်း
အဆုတ်မှာ သွေးခဲပိတ်ခြင်း အဖြစ်များတဲ့ အကြောင်းအရင်းက ခြေထောက်သွေးပြန်ကြောမှာရှိတဲ့ သွေးခဲက အဆုတ်ထိ တက်လာခြင်းကြောင့် ဖြစ်တဲ့အတွက် ခြေထောက်တစ်ဖက် ရောင်ဖူးတဲ့လက္ခဏာ ရှိပါတယ်။ နောက်လက္ခဏာတစ်ခုကတော့ အဆုတ်သွေးခဲကြောင့် အဆုတ်ပတ်လည်မှာ ရောင်ရမ်းစေတဲ့အတွက် အသက်ပြင်းပြင်း ရှူလိုက်ရင် ရင်ဘတ် သိသိသာသာ ပိုအောင့်ပါတယ်။
• နှလုံးတုန်ခြင်း
ရင်ဘတ်အောင့်တဲ့ လူတွေဆီမှာ နောက်ထပ်စဉ်းစားရမယ့်အချက်အချို့မှာ သိသိသာသာ နှလုံးတုန်ဖူးခြင်း (သို့) ဖြူဖျော့ပြီး သတိမေ့ခြင်းများ (သို့) သတိမေ့လုနီးပါး အခြေအနေများ ဖြစ်ဖူးခြင်းတို့ ဖြစ်ပါတယ်။ ဒီအချက်တွေက အဆုတ်ထဲမှာ သွေးခဲကြီးကြီးတစ်ခု ရှိနေတယ်ဆိုတာကို ညွှန်ပြနိုင်သလို နှလုံးစည်းချက် ပုံမမှန်စေတဲ့ နှလုံးတိုက်ခိုက်ခံရခြင်း ရှိနေတယ်လို့ ညွှန်ပြပါတယ်။
• အဆုတ်နှင့် ရင်ဘတ်နံရံကြား လေ၀င်ခြင်း - အသက်ရှူ ခက်ခဲခြင်း
အဆုတ်ရဲ့ အစိတ်အပိုင်းအချို့ ပြားသွားတဲ့အတွက် အသက်ရှူ ခက်ခဲခြင်းနဲ့ ရင်ဘတ်အောင့်ခြင်း (2) မျိုးစလုံးခံစားရပါတယ်။ နောက်ထပ် သဲလွန်စတစ်ခုက ရုတ်တရက် ရင်ဘတ်ထဲက စူးခနဲထိုးအောင့်ခြင်း ဖြစ်ပါတယ်။ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုရောဂါ (သို့) အဆုတ်အတွင်းရှိ လေအိတ်များ ပေါက်ထွက်ခြင်းစတဲ့ ရောဂါရှိသူတွေနဲ့ အဆုတ် (သို့) ရင်ဘတ် ခွဲစိတ်မှု ခံထားတဲ့သူတွေမှာ ဒီရောဂါ ဖြစ်နိုင်ပါတယ်။ ဒါတွေက လွဲပြီးတော့ တခြားအကြောင်းအရင်း တိတိကျကျ မရှိပါဘူး။
• ဆေးဝါးများ VS နှလုံးပြွန်ထည့်ခြင်း
နှလုံးရောဂါရှိတဲ့သူတွေက ဆေးသောက်ဖို့ လိုသလိုပဲ နှလုံးတိုက်ခိုက်ခံရပါက နှလုံးပြွန် ထည့်လိုက်ရင် ပိုပြီးတော့ ကောင်းပါတယ်။ 1980 ခုနှစ်လောက် ကတည်းကစပြီးတော့ ဒီပြွန်တွေရဲ့ အကျိုးသက်ရောက်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒီနည်းလမ်း မပေါ်ခင်ကတော့ သောက်ဆေးတွေနဲ့ နှလုံးအောက်စီဂျင် လိုအပ်မှုကို လျော့ကျစေဖို့အတွက် 2 ပတ်လောက် အနားယူစေတဲ့ နည်းလမ်းပဲ ရှိပါတယ်။ အဲဒိအချိန်တွေကဆိုရင် လူနာ 30 - 50% နီးပါး သေဆုံးရပါတယ်။ နှလုံးပြွန်တွေ ပေါ်လာပြီးနောက် သေဆုံးနှုန်းက သိသာလျော့ကျသွားပါတယ်။
• အသက်အန္တရာယ်မရှိသော ရင်ဘတ်အောင့်ခြင်းများ
အသက်အန္တရာယ် မရှိတဲ့ ရင်ဘတ်အောင့်ခြင်းမှာ ရက်အတော်ကြာကနေပြီးတော့ ရက်သတ္တပတ် အတော်ကြာသည်အထိ ရင်ဘတ်အောင့်နေပြီးတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ အသက်အန္တရာယ် ရှိတယ်ဆိုရင် ရက်သတ္တပတ် အတော်ကြာ (သို့) 3 - 4 ရက်လောက် ဆက်တိုက် အောင့်နေတယ်လို့တောင် ပြောနိုင်မှာ မဟုတ်ပါဘူး။
• ညဘက် လှဲချလိုက်မှ အောင့်ခြင်း
မပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်းရဲ့ အခြားအချက်တွေက ညဘက် အိပ်ရာ၀င်မှသာ ရင်ဘတ်အောင့်ခြင်း၊ အစာ အများကြီး စားပြီးနောက် အောင့်ခြင်းတို့ ဖြစ်ပါတယ်။ ရင်ဘတ်အောင့်တာနဲ့အတူ ရင်ပူတာပါ တွဲဖြစ်တယ်ဆိုရင် ဒါက အက်ဆစ်ပြန်ကန်တတ်ခြင်း ဖြစ်ပါတယ်။
• အချို့သော ပုံစံအနေအထားမှာမှ ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်ပြီး ဆေးရုံတက်ရတဲ့ အကြောင်းထဲမှာ အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုက ရင်ဘတ်ကြွက်သားနဲ့ အရိုးများ နာကျင်ခြင်း ဖြစ်ပါတယ်။ ဒီလူနာတွေမှာဆိုရင် သူတို့ရဲ့ ရင်ဘတ်နေရာမှာရှိတဲ့ ကြွက်သား၊ အဆစ် (သို့) အရွတ် တစ်ခုခုဒဏ်ဖြစ်သွားလို့ ဖြစ်ပါတယ်။ ဥပမာ - လေ့ကျင့်ခန်း အသစ်လုပ်ခြင်း၊ ပစ္စည်းအများကြီးကို ကုန်းပြီး မ,လိုက်ခြင်း (သို့) အိပ်တဲ့အနေအထား မမှန်ခြင်းတို့ကြောင့် ရင်ဘတ်ကြွက်သားများ ဆွဲဆန့်ခြင်းကို ဖြစ်စေတယ်။
ရင်ဘတ်ပေါ်ကို လက်နဲ့ဖိမှ နာတယ်ဆိုရင် ဒါက အဆုတ်တွေ၊ နှလုံးတွေနဲ့ မဆိုင်ပါဘူး။ ရင်ဘတ်နံရံကြောင့်ပါ။ မကြာခဏတွေ့ရတဲ့ နောက်တစ်ခုကတော့ စိတ်ပူပန်မှုကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းပါပဲ။ ဒါက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ (သို့) ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေရှိရင် ဒီအကြောင်းတွေကို တွေးတောမိတဲ့အခါ (သို့) ကြုံတွေ့ရတဲ့အခါတွေမှာ ရင်ဘတ်အောင့်ခြင်း (သို့) စိတ်ပင်ပန်းခြင်းတွေ ခံစားရပါတယ်။ စိတ်လျှော့ပြီးတော့ အနားယူလိုက်တဲ့အခါမှာ သူ့အလိုလို ပျောက်သွားပါတယ်။
>> ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေများသောအချက်များ
• အသက်၊ ဆေးလိပ်သောက်ခြင်း၊ သွေးတွင်း အဆီများခြင်း
အမျိုးထဲမှာ အသက်ငယ်ငယ်နဲ့ နှလုံးတိုက်ခိုက်ခံရခြင်း ဖြစ်ဖူးတယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အခြားအချက်တွေကတော့ အထိုင်များခြင်း၊ အ၀လွန်ခြင်း၊ သွေးတွင်းအဆီဓာတ် များခြင်း၊ သွေးတိုးနဲ့ ဆီးချိုရောဂါရှိခြင်းတို့ ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























