/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေချိုးခန်းကြမ်းပြင်တွေကို-သတိထားပါ

ရေချိုးခန်းကြမ်းပြင်တွေကို သတိထားပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ရေချိုးခန်းဆိုတာက ညစ်ပတ်နေတာတွေကို ဖယ်ရှားပေးပြီးတော့ လတ်ဆတ်မှုတွေကိုပဲ ပေးတဲ့နေရာလား။ ပြောရမယ်ဆိုရင် မှိုတွေ၊ ဘက်တီးရီးယားပိုးတွေက ရေချိုးခန်းကနေတစ်ဆင့် လူကို ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်တော့ လူအများနဲ့ သုံးရတဲ့ အားကစားခန်းမ၊ ရေကူးကန်ဘေး၊ အဆောင်တွေက ရေချိုးခန်းတွေပါ။

          လူအများနဲ့ သုံးရတဲ့ရေချိုးခန်းတွေမှာ တခြားသူတွေက ဘယ်လိုရောဂါပိုးတွေ သယ်လာမယ်ဆိုတာကို မသိနိုင်ဘူးလေ။ ပြီးရင် ဒီပိုးတွေက ရေချိုးခန်းမှာ ကျန်နေပြီးတော့၊ ပူနွေးစိုစွတ်ပြီးတော့ အလင်းရောင်နည်းတဲ့ ဒီရေချိုးခန်းထဲမှာ ပိုးတွေ အသက်ဆက်ရှင်နေကြတာပေါ့။ ကိုယ်က ဒီရေချိုးခန်းထဲမှာ ရေချိုးပြီဆိုရင် ကိုယ့်ဆီကို ပိုးတွေ ရောက်လာနိုင်တယ်လေ။ အားကစားသမားခြေထောက်လို့ တင်စားခေါ်ဝေါ်တဲ့ အားကစားသမားတွေရဲ့ ခြေထောက်မှာ ရောဂါပိုးဝင်တဲ့ အခြေအနေတွေက ရေချိုးခန်းကြမ်းပြင်တွေက ရလေ့ရှိပါတယ်။ ရေချိုးခန်းကနေ ကူးနိုင်တဲ့ ပြင်းထန်တဲ့ရောဂါပိုးတစ်မျိုးကတော့ MRSA  လို့ခေါ်ပါတယ်။ ဒါက အရေပြားမှာ ပြည်တည်စေပြီးတော့ ပိုးသတ်ဆေး သောက်ဖို့ (သို့) ပြည်တွေကို ခွဲပြီးထုတ်ဖို့ လိုပါတယ်။

          အများသုံး ရေချိုးခန်းတွေကနေပြီးတော့ ရောဂါပိုးတွေ မကူးစက်နိုင်အောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရေချိုးခန်းထဲကိုမဝင်ခင် ခြေမချခင်မှာ ရေချိုးခန်းကြမ်းပြင်ကို သေချာပိုးသတ်ပြီးတော့ သန့်ရှင်းရေးလုပ်ဖို့ပါ။ ဒီလိုလုပ်ဖို့ အဆင်မပြေဘူးဆိုရင် ရေချိုးခန်းစီးဖိနပ်လေးတွေစီးပြီး ရေချိုးခန်းထဲဝင်ခြင်းကလည်း ခြေထောက်အရေပြားနဲ့ ရေချိုးခန်းကြမ်းပြင်တွေကို မထိတွေ့အောင် ကာကွယ်ပေးတဲ့အတွက် ရောဂါပိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖိနပ်တွေကို ပုံမှန်ဆေးပေးဖို့နဲ့ ပိုးသတ်ပေးဖို့တော့ လိုတာပေါ့လေ။ ပြီးတော့ ကိုယ့်ရဲ့ခြေထောက်မှ ထိရှရာတွေ၊ အရည်ကြည်ဖုလေးတွေနဲ့ တခြားအနာတွေ ရှိတယ်ဆိုရင် ရောဂါပိုး ပိုပြီးဝင်နိုင်လို့ သတိထားဖို့ လိုပါတယ်။ ခုခံအားကျနေတဲ့သူတွေကလည်း တခြားသူတွေထက်စာရင် ရောဂါပိုး ဝင်ရောက်နိုင်ခြေများပြီး ဝင်လာပြန်ရင်လည်း ကိုယ်ခံအားက ပြန်မတိုက်နိုင်လို့ သတိထားဖို့ လိုပါတယ်။

          အမှန်တော့လည်း ဘယ်လောက်ပဲ ဂရုစိုက်စိုက် သေချာဂရုစိုက်နေရင်းတောင်မှ ရောဂါပိုးက ကိုယ့်ဆီကို ဝင်လာနိုင်သေးတာပဲ။ ခြေချောင်းပတ်လည်မှာ ယားယံတဲ့ အနီကွက်၊ အနီစက်လေးတွေတွေ့ရင် ဒါက ရောဂါပိုးကူးတာ ဖြစ်နိုင်ပါတယ်။ ခြေကြောင်းတွေကြားမှာ စိုစွတ်ပြီး အဖြူရောင်တွေဖြစ်နေရင် မှိုစွဲတာ ဖြစ်နိုင်ပါတယ်။ MRSA ပိုးဝင်တဲ့ သိသာတဲ့လက္ခဏာကတော့ နာတဲ့အနီဖုလေးတွေ ထွက်လာပြီးတော့ ပြည်တည်လာတတ်ပါတယ်။ HPV ဆိုတဲ့ ဗိုင်းရပ်စ်ပိုးဝင်ရင်တော့ ကြွက်နို့ ထွက်လာပါလိမ့်မယ်။

          ကောင်းသတင်းကတော့ အားကစားသမားခြေထောက်လို့ခေါ်တဲ့ ခြေထောက်ပိုးဝင်တာနဲ့ မှိုစွဲတာတွေက ပိုးသတ်ဆေးတွေ၊ ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်လို့ရတဲ့ဆေးတွေနဲ့ အလွယ်တကူကုသလို့ ရပါတယ်။ ကြွက်နို့ဖြစ်တယ်ဆိုရင် (သို့) အခြေအနေတွေက ပိုဆိုးလာပြီး တခြားနေရာတွေကိုပါ ပျံ့သွားတယ်လို့ ထင်ရင်တော့ ဆရာဝန် သွားပြသင့်ပါတယ်။ ပြီးတော့ အရေပြားအနာတွေ ဖြစ်တာနဲ့အတူ ကိုယ်ပူတာ၊ ချမ်းတုန် ဖျားတာတွေရှိရင်လည်း ဆေးရုံ၊ ဆေးခန်းသွားပြီး စစ်ဆေးမှုခံယူဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)