ရေချိုးရင်း ရုတ်တရက် လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောပိတ်ခြင်း
လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးသွေးကြောပိတ်တာတွေက ဘာကြောင့်ရေချိုးရင်း ဖြစ်တတ်တာလဲလို့ စဉ်းစားမိကြမှာပဲနော် ...
တစ်ခါက ဆီးချိနဲ့ သွေးတိုးရောဂါသည် အဘိုးကြီးတယောက်။ ဆရာဝန်နဲ့ပြပြီး သွေးကျဆေး သောက်နေတာလည်း ကြာခဲ့ပြီ။ ဆေးသောက်လည်း မှန်ပါတယ်။ တစ်ရက်တော့ ရေချိူးးခန်းထဲမှာလဲပြီး သတိလစ်သွားပါတယိတဲ့။ သူ့အမျိုးသမီးက အတော်ကြာမှ သူ သတိလစ်တာ တွေ့တယ်။ လှမ်းခေါ်တော့ ခေါ်မကြား၊ အော်မကြား ဖြစ်နေတော့ ရေချိုးခန်းတံခါး အတင်းတွန်းဖွင့်ရင်း အဘိုးကြီးကို တွေ့တာပဲ။ တိုတိုပြောရရင် အဘိုးကြီး လေဖြတ်သွားပါတယ်။ ကံအားလျော်စွာ အသက်ရှင်ပေမယ့် ကိုယ်တစ်ခြမ်း သေပြီး လှုပ်မရတော့ပါဘူး။
ပညာတတ်ဖြစ်တဲ့ အဘက ဘာလို့ ဒီလို သူဖြစ်သွားရလဲ မေးလာပါတယ်။ လူတချို့ ရေချိုးခန်းထဲမှာမှ ရွေးပြီး လေဖြတ် ရုတ်တရက် နှလုံးသွေးကြောပိတ်ကြတာ ဘာကြောင့်ပါလဲ။
ရှေးအယူအဆတွေလို ခြေတွေ လက်တွေ ရေအရင်လောင်းပီးမှ ချိုးကြမလား။ ပြီးမှ ကိုယ်နဲ့ခေါင်းကို ရေလောင်းတာ ပိုအဆင်ပြေမလား။ ရေအေးကများ လေဖြတ်တာ ပိုဆိုးစေတာလား အတွေးအမျိုးမျိုး ရှိကြပါတယ်။
ဒီအချက်တွေကို လေ့လာကြည့်တဲ့အခါ အနောက်နိုင်ငံတွေမှာ များသောအားဖြင့် ရေချိူးခန်းနဲ့ အိမ်သာတွေက တွဲလျက် ဖြစ်ကြပါတယ်။ အသက်ကကြီးတော့ ဝမ်းက ချုပ်တတ်လာပါတယ်။ အိမ်သာတက်ရင်း ဝမ်းကို ညှစ်သွားရင်းနဲ့ ဝမ်းဗိုက်တွင်း ဖိအားတက်တယ်။ ဝမ်းမာနေရင် ပိုဆိုးပါတယ်။ အသက်ရှူအား နည်းသွားပြီး အားကုန် ညှစ်ချရတာ။ နောက်ဆုံး မစင်တုံးတော့ ထွက်သွားပါရဲ့။ ပြဿနာက နှလုံးသွေးလွှတ်ကြောတွေနဲ့ သွေးစီးဆင်းမှုမှာ ဖိအားတွေ ဆောင့်တက်သွားတတ်ပါတယ်။ နှလုံးကို သွေးအဝင် ရုတ်တရက် ကျဆင်းသွားပြီး နှလုံးကလည်း သိပ်မညှစ်နိုင်တော့ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ကို သွေးစီးဆင်းမှု နည်းသွားပါတယ်။ အဲဒီမှာတင် ဒိုင်းခနဲ မူးလဲကြတာပါပဲ။
နဂိုက သွေးတိုးလည်း ရှိတယ်။ သွေးပေါင်ကလည်း မထိန်းနိုင်ဘဲ နဂိုကတည်းက တက်ပြီးသားဆိုလျှင် ဝမ်းသွားရင်း ညှစ်ချလိုက်တဲ့အချိန်မှာ သွေးပေါင် ဆောင့်တက်သွားပြီး ဦးနှောက်သွေးကြောတွေ ပေါက်ထွက်တာကြောင့် ဦးနှောက်တွင်း သွေးယိုတော့တာပါပဲ။
ဒီတော့ အကျိုးနဲ့အကြောင်း ဆက်စပ်ရရင် ရေချိုးရင်းဖြစ်တယ်ဆိုတာထက် ဝမ်းအမာသွားရင်း ဝမ်းချုပ်ရင်း ညှစ်ပီးသွားရင်း လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးသွေးကြော ပိတ်တာတွေ ဖြစ်တတ်တာပါ။ ဒါကြောင့် ဝမ်း မကြာခဏ ချုပ်တတ်သူတွေမှာ အဲဒါတွေ ဖြစ်တာများတာ တွေ့ရပါတယ်။
နောက်တစ်ခုကတော့ ထိခိုက်မိလို့ ဖြစ်တာပါ။ အသက်ကြီးသူတွေက နဂိုက အာရုံကြော မကောင်းလူက အားနည်းတော့ ချော်လဲတတ်တာပဲ။ လဲရင်း ခေါင်းထိပြီး ဦးနှောက်တွင်း သွေးယိုတာ ဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက်ကတော့ ခုံပုလေးတွေနဲ့ ထိုင်ချိုးတာမျိုး လုပ်သင့်ပါတယ်။ ရေချိုးခန်းထဲမှာ တန်းလျားလေးတွေ ထိုးပေးထားတာလည်း ပိုအဆင်ပြေပါတယ်။ လူကြီးတွေအတွက်က ကြာကြာရပ်မယ့်အစား သက်သောင့်သက်တာ ထိုင်ချိုးတာ အန္တရာယ် ကင်းပါတယ်။ နောက်ပြီး ရေချိုးခန်းကြမ်းပြင်တွေက ရေတွေနဲ့ စိုစွတ်ပြီး ချောနေတာဆိုတော့ အခင်းလေးတွေ ရေချိုးခန်းခင်း ဖျာလေးတွေ ခင်းထားပေးတာ ချော်မလဲအောင် ဂရုတစိုက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။
ရေချိုးရင်း ရုတ်တရက် လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောပိတ်ခြင်း အကြောင်းရင်းတွေကို သိရှိပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ဖို့ အကြံပြုလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























