ရေချိုးရင် ဒီလိုအကျင့်တွေ ရှိလား? ပြင်ဖို့ လိုတယ်နော်
1. ခြေထောက်ကို သေချာမပွတ်တိုက်ခြင်း
ခြေထောက်မှာရှိတဲ့ မှိုတွေနဲ့ ခြေချောင်းကြားလေးတွေထဲမှာ ခိုကပ်နေတဲ့ ဘက်တီးရီးယားပိုးတွေ ကင်းစင်ဖို့အတွက် ရေချိုးတဲ့အခါမှာ ခြေထောက်ကို သေချာပွတ်တိုက်ပြီး သန့်ရှင်းပေးရပါမယ်။ ဆပ်ပြာအပျော့စားကို သုံးပြီးတော့ ခြေချောင်းတွေကြားကို သေချာဆေးပေးပါ။ ပြီးရင် သေချာ ခြောက်အောင်သုတ်ပါ။ အထူးသဖြင့်တော့ ခြေချောင်းတွေကြားမှာ ခြောက်နေဖို့ အရေးကြီးပါတယ်။
2. ရေချိုးရင် ကြေးတွန်းသုံးတဲ့ဟာ (သပွတ်အူ) ကို ရေချိုးခန်းထဲမှာပဲ ထားခြင်း
ရေချိုးပြီးတဲ့အခါမှာ ကြေးတွန်းတဲ့ဟာကို ရေချိုးခန်းထဲမှာပဲ တွဲလွဲချိတ်ခဲ့လေ့ ရှိပါတယ်။ တကယ်တော့ ဒါက ခြောက်သွေ့နေမှသာ ပိုးတွေ မပေါက်ဖွားမှာပါ။ သပွတ်အူကို သုံးပြီး ကြေးတွန်းတဲ့အခါမှာ ဆဲလ်သေတွေက ဒီထဲမှာ ကျန်ခဲ့ပြီးတော့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။ ဒီတော့ ဒါကို သုံးပြီးရင် သေချာဆေးပြီးတော့ ခြောက်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါကို ခြောက်သွေ့တဲ့နေရာမှာ လှန်းထားတာက ရေချိုးခန်းထဲမှာ ထားတာထက်စာရင် ဘက်တီးရီးယားပိုးတွေ ပေါက်တာကို နည်းစေနိုင်ပါတယ်။
3. ရေချိုးပြီးရင် တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်း
တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ပြီး ရေသုတ်တာက နူးညံ့တဲ့အရေပြားကို သွားပြီး ထိခိုက်စေပါတယ်။ ဒီတော့ နူးညံ့တဲ့ အမွေးပွတဘက်လေးနဲ့ ညင်ညင်သာသာပဲ ပွတ်တိုက်ပါ။
4. နေ့တိုင်းခေါင်းလျှော်ခြင်း
နေ့တိုင်းခေါင်းလျှော်တာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ပြောတာ ကြားဖူးကြမှာပါ။ ဒီတော့ ဘယ်လောက်လျှော်တာကို များတယ်လို့ ဆိုနိုင်သလဲ။ ဆံသားပါးပြီးတော့ နူးညံ့တဲ့သူတွေက ခဏခဏ ခေါင်းမလျှော်သင့်ပါဘူး။ တစ်ပတ်ကို ၂ ကြိမ်ထက် ပိုမလျှော်ဘူးဆိုရင် သဘာဝအတိုင်း အဆီထွက်တာကို ထိန်းထားနိုင်သလို အစိုဓာတ်ကိုလည်း ညီမျှစေပါလိမ့်မယ်။ ကြမ်းပြီးတော့ ကောက်တဲ့ဆံပင်တွေ ဆိုရင်တော့ တစ်ပတ်တစ်ခါပဲ လျှော်ပါ။
5. ခန္ဓာကိုယ်ကို အစိုဓာတ်ထိ်န်းဆေးလိမ်းပေးဖို့ နှောင့်နှေးခြင်း
ရေချိုးပြီးတဲ့အခါမှာ ဆိုဖာပေါ်မှာထိုင်ပြီး တီဗွီလေးကြည့်ပြီး အနားယူချင်မှာပါပဲ။ ဒါပေမဲ့ အရေပြားအတွက် လိုအပ်တဲ့ အစိုဓာတ်ကို လိုတဲ့အချိန်မှာ မပေးနိုင်ဘူးဆိုရင် အသားအရေကို ပျက်စီးစေပါတယ်။ အရေပြားစိုနေတဲ့အချိန်မှာ အစိုဓာတ်ထိန်းပေးဖို့ အရေးကြီးပါတယ်။ ဒီတော့ တဘက်နဲ့ သုတ်ပြီးတာနဲ့ အစိုဓာတ်လိမ်းဆေး ချက်ချင်းလိမ်းပေးတာ ကောင်းပါတယ်။
6. လေ့ကျင့်ခန်းလုပ်ပြီးရင် ရေမချိုးဘဲ နေခြင်း
လေ့ကျင့်ခန်းလုပ်ပြီးရင် ချွေးနံ့ပျောက်အောင်လု့ိပဲ ရေချိုးရတာလား။ တကယ်တော့ ဒါကြောင့် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ချွေးတွေကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီးတော့ အရေပြားပေါ်မှာ အစက်အပြောက်တွေ၊ အကွက်တွေနဲ့ အဖုတွေ ထွက်လာမှာဆိုးလို့ပါ။
7. အကြာကြီး ရေချိုးခြင်း
ရေအကြာကြီး ချိုးတဲ့အခါမှာ လက်တွေရှုံ့တွလာတာကို ကြည့်ရတာ ပျော်ဖို့ကောင်းပေမယ်လည်း အကြာကြီးချိုးတာက အရေပြားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒီအခါမှာ အသားအရေတွေ ခြောက်သွေ့ပြီးတော့ ယားယံစေပါတယ်။ ၅-၁၀ မိနစ်ထက် ပိုပြီးရေမချိုးသင့်ပါဘူး။
8. ဆံပင်ပျော့ဆေးကို တစ်ခေါင်းလုံးလိမ်းခြင်း
ဆံပင်တွေအားလုံးပေါ်ကို ဆံပင်ပျော့ဆေး လိမ်းတတ်တဲ့အကျင့်က မကောင်းပါဘူး။ အဆိုးဆုံးကတော့ ဆံပင်ပျော့ဆေးကို ခေါင်းထိပ်ပေါ်ကို တင်လိုကတာပါ။ ဒီလိုလုပ်ရင် အဆီတွေဖြစ်ပြီးတော့ အဆီထွက်တာကိုလည်း များစေပါတယ်။ ဒီအစား လိုအပ်တဲ့နေရာဖြစ်တဲ့ ဆံပင်အရင်းတွေကို သေချာလိမ်းပေးပါ။
9. ရေချိုးတဲ့အခါ နောက်ဆုံးမှာ ရေအေးနဲ့ မချိုးခြင်း
ရေပူနဲ့ ရေချိုးတဲ့အခါမှာ နောက်ဆုံး အဆုံးသတ်အနေနဲ့ ရေအေးနဲ့ ပြန်ချိုးတာက အရမ်းကောင်းပါတယ်။ ဒီတော့ ရေချိုးပြီးခါနီးအချိန်လေးမှာ ၃၀ စက္ဏန့်လောက်ရေကို အအေးခံပြီးတော့ ချိုးပေးပါ။ ရေအေးက စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိစေပြီးတော့ ကိုယ်ခံအားစနစ်ကို ပိုအားကောင်းစေတယ်၊ အဆီလောင်ကျွမ်းမှုကို ပိုကောင်းစေပြီးတော့ စိတ်ကျတာကို သက်သာစေနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိပါတယ်။
10. ဆံပင်အရှည်ကို တဘက်နဲ့ ပတ်ထားခြင်း
ခေါင်းလျှော်ပြီးရင် တဘက်နဲ့ ဆံပင်ကို ပတ််ထားတာက ဆံပင်တွေကို ပျက်စီးစေနိုင်ပါတယ်။ တဘက်နဲ့ ဆံပင်ကို တင်းတင်းပတ်ထားတာက ဆံပင်အပေါ်မှာ ဖိအားများစေပြီးတော့ ပျက်စီးစေပါတယ်။ ဒီိလိုတင်းတင်းကြီး ထုတ်ထားမယ့်အစား ရေတွေကို ညင်သာစွာ ညှစ်ထုတ်လိုက်ပြီးတော့ တဘက်နဲ့ အတင်းမပွတ်ဘဲနဲ့ ဖွဖွလေးပဲ သုတ်ပေးပါ။
ဒီအချက်တွေကို သေချာလိုက်လုပ်မယ် ဆိုရင်တော့ အသားအရေနဲ့ ဆံပင်အတွက် အကျိုးထူးလာတာကို တွေ့ရပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























