ရေမှာပျော်တဲ့ ကန်စွန်းရွက်လေးလူသားအကျိုးအတွက်ဆောင်ရွက်လို့ပေး
ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ လူကြိုက်လည်းများ၊ အလွယ်တကူလည်း၀ယ်ယူစားသုံးနိုင်တဲ့ ကန်စွန်းရွက်ဟာအာဟာရဓာတ်နဲ့ပြည့်စုံသလို ခန္ဓာကိုယ်တွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ အမျှင်ဓာတ်၊ အသားဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C စတာတွေရရှိနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်ဖြစ်ပါတယ်။ ဒါကြောင့် အရသာရှိပြီးစားလို့ကောင်းတဲ့ကန်စွန်းရွက်ဟာ ဘယ်လိုကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေပေးစွမ်းနိုင်လဲဆိုတာ လေ့လာလိုက်ကြရအောင်။
1. ကိုလက်စထရောလျှော့ချပေးခြင်း
ကန်စွန်းရွက်ကိုစားသုံးခြင်းကြောင့် ကိုလက်စထရောအဆင့်ကိုလျော့ကျစေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက် အသင့်တော်ဆုံးအစားအစာတစ်မျိုးဖြစ်ပါတယ်။
2. အသားဝါရောဂါနှင့် အသည်းရောဂါရှင်များအတွက် သင့်တော်ခြင်း
အသည်းပျက်စီးစေနိုင်သော ခန္ဓာကိုယ်တွင်းဓာတုပစ္စည်းများအား တိုက်ဖျက်ပေးနိုင်ခြင်းကြောင့် အသားဝါရောဂါနှင့် အသည်းရောဂါေ၀ဒနာရှင်များအနေဖြင့် ဂရုတစိုက်စားသုံးပေးသင့်ပါတယ်။
3. သွေးအားနည်းရောဂါကို ကုသပေးနိုင်ခြင်း
ကိုယ်၀န်ဆောင်မိခင်တွေနဲ့ သွေးအားနည်းရောဂါရှိသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့သံဓာတ်ကို ဖြည့်စွက်ပေးနိုင်ပါတယ်။
4. အစာမကြေခြင်းနှင့် ၀မ်းချုပ်ခြင်းအတွက် အကျိုးပြုနိုင်ခြင်း
အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်းတို့အတွက် အကောင်းဆုံးဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ကန်စွန်းပြုတ်ရည်သောက်ပေးပါက ၀မ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။
5. ဆီးချိုရောဂါကာကွယ်ပေးနိုင်ခြင်း
ကန်စွန်းရွက်ကိုပုံမှန်စားသုံးပေးခြင်းကြောင့် ဆီးချိုရောဂါအန္တရာယ်ကို ခံနိုင်ရည်အားတိုးစေပါတယ်။ ကိုယ်၀န်ဆောင်မိခင်များတွင် ဆီးချိုရောဂါဖြစ်ခြင်းအတွက် ကုသရာမှာအသုံး၀င်ပါတယ်။
6. နှလုံးရောဂါမှကာကွယ်ပေးနိုင်ခြင်း
ကန်စွန်းရွက်မှာ ဗီတာမင် A၊ ဗီတာမင် C ဓာတ်တွေကြွယ်၀စွာပါ၀င်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဓာတ်တိုးပစ္စည်းများကိုလျော့ချပေးနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ လေဖြတ်တာကိုဖြစ်စေတဲ့ ကိုလက်စထရောများခြင်းမှ ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ်ဖြစ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တာကြောင့် သွေးဖိအားကိုလျော့ကျစေပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
7. ကင်ဆာရောဂါမှ တားဆီးပေးခြင်း
ကန်စွန်းရွက်မှာပါ၀င်တဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ရှိဓာတ်တိုးပစ္စည်းများကို ဖယ်ရှားပေးပြီး ကင်ဆာဆဲလ်ဖြစ်ပွားမှုနှုန်းကိုလျော့ချပေးပါတယ်။ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာတို့ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အစားစာတစ်ခုဖြစ်ပါတယ်။
8. မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ခြင်း
ဗီတာမင် A ဓာတ်မြင့်မားစွာပါ၀င်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ Glutathione အဆင့်ကိုတိုးမြှင့်ပေးနိုင်ပြီး မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
9. ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ခြင်း
ကန်စွန်းရွက်မှာအာဟာရဓာတ်တွေပြည့်နှက်နေတာကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အပြင် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
10. ေ၀ဒနာများစွာကို ပျောက်ကင်းစေနိုင်ခြင်း
ပြည်တည်နာ၊ ရာသီလာချိန်နာကျင်ကိုက်ခဲမှုေ၀ဒနာ၊ သွားကိုက်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများအတွက် ကုသရာမှာ များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ညဘက်ကောင်းစွာအိပ်မပျော်သူများအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့အပြင် ကန်စွန်းရည်နဲ့ရေကို ရောကာ အအေးကျပ်ထုပ်ပြုလုပ်ပြီး ဖျားနာခြင်းကို ကုသနိုင်ပါတယ်။
11. အိုးမင်းရင့်ရော်မှုကို တားဆီးပေးခြင်း
အင်တီအောက်ဆီးဒင့်ပါ၀င်ခြင်းကြောင့် နေရောင်ခြည်ထိတွေ့မှုကြောင့်ဖြစ်စေတဲ့ အရေပြားဆဲလ်ပျက်ဆီးမှုကိုခံနိုင်ရည်ရှိစေပြီး အရေးအကြောင်းဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကန်စွန်းရွက်ကိုပုံမှန်စားသုံးပေးပါက အရွယ်တင်နုပျိုစေနိုင်ပါတယ်။
12. အရေပြားရောဂါများအတွက် အကျိုးပြုနိုင်ခြင်း
ကန်စွန်းဖူးကိုအနာအုံဆေးအဖြစ်အသုံးပြုနိုင်ပြီး ပွေး၊ သဲ၀ဲ စတဲ့အရေပြားရောဂါများကို ကုသနိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ၀က်ခြံ၊ နှင်းခူနာ၊ ကြမ်းထောသောအနီပိမ့်များထတဲ့ အရေပြားရောဂါကိုလည်း ကုသပေးနိုင်ပါတယ်။
13. အနာကျက်စေနိုင်ခြင်း
အရေပြားယားယံခြင်း၊ ပိုးမွှားကိုက်ဒဏ်ရာများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကန်စွန်းရွက်တွင် ဆားထည့်ကာအနှစ်ဖြစ်အောင်ပြုလုပ်ပြီး အနီဖု၊ ယားယံခြင်းပေါ်တွင် သုတ်လိမ်းကာ အ၀တ်သန့်သန့်ဖြင့်ပတ်ထားပေးပါက လျင်မြန်စွာသက်သာပျောက်ကင်းစေနိုင်ပါတယ်။
14. ၀က်ခြံပျောက်ကင်းစေခြင်း
ကန်စွန်းရွက်ကိုအရည်ညှစ်ပြီးသောက်ပေးခြင်းဟာ ခန္ဓာကိုယ်အတွင်းရှိအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် အရေပြားကိုနုပျိုသစ်လွင်စေပါတယ်။ ကန်စွန်းရည်ကိုပုံမှန်သောက်ပေးခြင်းဖြင့် ၀က်ခြံကို သိသာစွာပျောက်ကင်းစေနိုင်ပါတယ်။
15. ဆံကေသာအလှပေးစွမ်းနိုင်ခြင်း
ကန်စွန်းရည်ဟာဆံပင်ရှင်သန်ခြင်းအတွက် များစွာအထောက်အကူပြုပေးနိုင်ပြီး ဆံသားကောင်းမွန်စေနိုင်ပါတယ်။ ကန်စွန်းရည်နဲ့ ဆလတ်ရည်နှစ်မျိုးရောစပ်ကာသောက်ပေးပါက ဆံပင်အရောင်မွဲခြောက်ခြင်းမှကာကွယ်နိုင်တဲ့အပြင် ကျန်းမာသန်စွမ်းသောဆံသားအလှကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ကန်စွန်းရည်ပြုလုပ်နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
- ကန်စွန်းရွက်၊ ဆလတ်ရွက် (သို့) ဂေါ်ဖီသုပ်ရွက်တို့ကိုရေစင်အောင်ဆေးပါ။ သစ်သီးရည်ညှစ်ကိရိယာထဲကို အရွက်များနဲ့အတူ သံပုယိုသီးတစ်စိတ်ကိုပါရောထည့်ပါ။
- အရွက်များကို ကြွတ်ချေပြီးနောက် အရည်များကိုစစ်ယူပါ။
- ယင်းဖျော်ရည်ကို ငရုတ်ကောင်း ဒါမှမဟုတ် သံပုယိုသီးအရည်ရောစပ်ကာ သောက်သုံးခြင်းဖြင့် ဆံသားအတွက်များစွာအကျိုးပြုပေးနိုင်ပါတယ်။
- ကန်စွန်းရည်တစ်ခွက်ကို နေ့စဉ်သောက်ပေးသင့်ပါတယ်။
CMS






























