ရေသောက်ချင်စိတ် ပိုတိုးစေသောနည်းလမ်းလေးများ
ရေဟာကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ကြောင်းသိထားပြီးဖြစ်မှာပါ။ တစ်နေ့မှာရေရှစ်ဖန်ခွက်သောက်ဖို့ အကြံပြုချက်တွေကိုသိထားပေမယ့် တချို့သောသူတွေအနေနဲ့ ရေသောက်ဖို့မေ့လျော့နေတတ်ကြသလို အရသာကဲထားတဲ့ဖျော်ရည်ကိုသာ သောက်လိုစိတ်ပြင်းပြလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် ရိုးရိုးရေကဲ့သို့ခံစားချက်မဖြစ်ပေါ်စေဘဲ ခန္ဓာကိုယ်အတွက်ရေဓာတ်အပြည့်အ၀ရရှိစေနိုင်မယ့် ရိုးရိုးရေကိုသောက်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်နည်းလေးတွေကိုဖော်ပြလိုက်ပါတယ်။
1. သစ်သီးရေခဲပြုလုပ်ပါ။
ရေခဲလုပ်မယ့်ပုံစံခွက်ထဲကိုရိုးရိုးရေမထည့်ဘဲ တုံးထားပြီးသားသစ်သီးလေးတွေ ဒါမှမဟုတ် ပူဒီနာရွက်လေးတွေနဲ့ ဖျော်ထားတဲ့ရေကိုထည့်ပြီး ရေခဲတုံးပြုလုပ်ထားပါ။ သစ်သီးရေခဲတုံးလေးတွေကိုထည့်ပြီး သောက်တဲ့ရေဟာ ရိုးရိုးရေကိုသောက်ရတာထက် ပိုပြီးသောက်ချင်စဖွယ်ဖြစ်စေနိုင်သလို ကျန်းမာရေးနဲ့လည်းညီညွတ်စေပါတယ်။
2. ရေနွေးကြမ်းသောက်ပါ။
ဆေးဖက်၀င်အရွက်များနဲ့ပြုလုပ်ထားတဲ့သောက်ဖွယ်ရာ (ဥပမာ- လက်ဖက်စိမ်းလက်ဖက်ရည်)၊ ရေနွေးကြမ်းကိုသောက်ခြင်းဖြင့်လည်း ရေဓာတ်အလုံအလောက်ရရှိစေနိုင်ပါတယ်။
3. အနံ့အရသာစူးသောအစားအစာ
အစားအစာထဲမှာငရုတ်ကောင်း ဒါမှမဟုတ် ငရုတ်သီးကဲ့သို့ အနံ့အရသာရှိတဲ့အစားအစာကိုထည့်စားပေးပါ။ ယင်းအစားအစာတွေဟာ ဇီ၀တွင်းဖြစ်စဉ်တွေကိုမြှင့်တင်ပေးနိုင်ပြီး ရေသောက်လိုစိတ်ကိုပြင်းပြစေပါတယ်။
4. ဆိုဒါအစားရေကိုသာသောက်ပါ။
ဆိုဒါ၊ အချိုရည်တွေကိုသောက်မယ့်အစား ရေပုလင်းထဲကရေကိုသာ သောက်ဖို့ကြိုးစားကြည့်ပါ။ ရေကိုအရသာရှိ သွားအောင် ရှောက်သီး၊ သံပုရာသီးနည်းနည်း ထည့်သောက်ပေးပါ။
5. ရေဗူးနဲ့သောက်ပါ။
ရေကိုဖန်ခွက်နဲ့သောက်မယ့်အစား ရေဗူးနဲ့ပြောင်းသောက်ပေးတာက ဖန်ခွက်ထဲမှာရှိတဲ့ရေပမာဏကိုကြည့်ပြီး ရေသေက်ချင်စိတ်လျော့နည်းစေတဲ့ခံစားချက်ကို ဟန့်တားပေးပါတယ်။
6. ဟင်းချို၊ စွတ်ပြုတ်သောက်ပါ။
သားငါးအသီးအရွက်ပြုတ်ဟင်းချို၊ စွတ်ပြုတ်ကဲ့သို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကြွယ်၀နေတဲ့ အရည်မျိုးတွေကိုသောက်ပေးခြင်းဖြင့်လည်း သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပြည့်၀စေနိုင်ပါတယ်။
7. ဆေးဘက်၀င်အာနိသင်ရှိသောရေသောက်ပါ။
ပူဒီနာရွက်၊ စပါးလင်၊ ဂျင်းကိုအမှုန့်လုပ်ပြီးဖြစ်စေ၊ အချပ်ပြားလေးတွေလှီးပြီးဖြစ်စေ ရေထဲကိုထည့်ကာသောက်ပေးပါက ဆေးဘက်၀င်တဲ့ရေသောက်သလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်။
8. ပိုက်နဲ့သောက်ပါ။
ဖန်ခွက်ထဲကရေဖြစ်စေ၊ ရေဗူးထဲကရေဖြစ်စေ ပိုက်နဲ့သောက်ပေးတာက ဖန်ခွက်၊ ရေဗူးမှရေကိုမော့ပြီးသောက်တာထက် ရေများများပိုသောက်ဖြစ်စေပါတယ်။
9. သစ်သီး၀လံများရောပြီးသောက်ပါ။
သရက်သီး၊ လိမေ္မာ်သီး၊ ချယ်ရီသီး စတဲ့ရာသီအလိုက် လှိုင်လှိုင်ပေါတဲ့သစ်သီးတွေကို ရေထဲထည့်ပြီးသောက်ပေးပါ။ ရိုးရိုးရေသောက်ရသလို ခံစားမှုမျိုးမဖြစ်စေဘဲ အရောင်စုံတဲ့ သစ်သီး၀လံလေးတွေကြောင့် ရေသောက်ချင်စိတ်ကိုပိုတိုးစေပါတယ်။
10. ရေဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံများစားပါ။
ဖရဲသီး၊ ကျောက်ဖရုံသီး၊ ဂရိပ်ဖရု၊ သခွားသီး စတဲ့ရေဓာတ်ပါ၀င်တဲ့ သစ်သီး၀လံတွေကို ရွေးချယ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်၀စေပြီး တနေ့လုံးလန်းဆန်းတက်ကြွနေစေပါလိမ့်မယ်။
11. ရေဗူးအမြဲတမ်းဆောင်ပါ။
သင်နဲ့အတူရေဗူးအမြဲတမ်းဆောင်ထားပါ။ ဒါဟာရေဆာချိန်မှာရေကိုအလွယ်တကူသောက်မိစေနိုင်သလို ရေဓာတ်ကုန်ဆုံးခြင်းမှလည်း ကင်းေ၀းစေပါတယ်။
CMS (www.drmyanmar.com)




























