ရောဂါဆိုးမှ ကာကွယ်ပါ
" မိုက်ရိုင်းလိုက်တာနော် မကြီးရယ် ... " Facebook ကြည့်ရင်း လှမ်းပြောလိုက်သော ငယ်လေးကို သူမ လှမ်းကြည့်လိုက်မိသည်။
" ဘာကိုပြောတာလဲ ငယ်လေး "
" တောင်ဥက္ကလာက ကောင်လေးကိစ္စလေ … ယောကျ်ားလေးချင်း အဓမ္မကျင့်ခံရတာတောင် လွန်လှပြီ။ အခုတော့ သူ့မှာ HIV ပိုး ရှိနေတယ်တဲ့။ ယုတ်မာလိုက်တာ "
ငယ်လေး စကားကြောင့် သူမပါ ငိုင်တွေသွားသည်။ တရားတယ်၊ မတရားဘူးဆိုတာ ပြောစရာတောင် မလိုသည့်ကိစ္စ၊ စဉ်းစားရမှာက ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။
" မကြီး "
" ဟင် "
ငယ်လေးက သူမဘေးနားမှာ လာထိုင်လိုက်သည်။
" ဒါဆို အဲ့ကလေးက HIV ဖြစ်တော့မှာလားဟင် … သနားပါတယ်နော်။ "
ငယ်လေးက တွေးတွေးဆဆ ပြောရှာသည်။
" အဲ့လိုဖြစ်တာနဲ့ ရောဂါ ကူးတာပဲလားဟင် … ရောဂါ မကူးအောင် လုပ်လို့မရဘူးလား။ "
စဉ်းစဉ်းစားစားနှင့် မေးလာသော ညီမငယ်လေးကို သူမ ပြုံးမိလိုက်သည်။
" ရတာပေါ့ ညီမလေးရယ်၊ ကံမကောင်း အကြောင်းမလှလို့ ဒုက္ခရောက်ရတဲ့သူတွေကို ထပ်ဆင့်ဒုက္ခ မရောက်ရအောင် ကာကွယ်ဖို့နည်းလမ်းတွေ ရှိတာပေါ့။ မထင်မှတ်ဘဲ HIV ပိုးရှိသူနဲ့ လိင်ဆက်ဆံဖြစ်ရင် 72 နာရီအတွင်း အရေးပေါ်ကာကွယ်ဖို့ ဆေးသောက်ဖို့ လိုတယ်။ ကျွမ်းကျင်သူတွေကသောက်ဖို့ ဆေးအမျိုးအစားတွေကို ညွှန်ပေးပါလိမ့်မယ်။ အဲ့ဆေးကို အချိန်မှန် (၁) လသောက်ရင် HIV ကူးစက်မှုကို 90 ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်တယ်တဲ့။ "
" ဟင် … သမီးလည်း တစ်ခါမှ မကြားဖူးဘူး။ "
" အဲဒါကြောင့် စာဖတ်ဖို့ ပြောတာပေါ့ ငယ်လေးရယ်၊ အဲ့ဆေးက HIV ရှိသူနဲ့ လိင်ဆက်ဆံမှ မဟုတ်ဘူး။ HIV ကူးစက်နိုင်တဲ့ အခြားအချက်တွေဖြစ်တဲ့ မူးယစ်ဆေး ထိုးတာတို့၊ ဆရာ၀န် ဆရာမတွေမှာ HIV ပိုးရှိသူကို သုံးထားတဲ့အပ် ထိုးမိတာတို့မှာလည်း သောက်ဖို့လိုတယ်။ "
" မကြီးက ဘာလို့သိနေတာလဲ "
" မကြီးက စာဖတ်တယ်လေ၊ ဟိုတလောကပဲ သူနာပြုလုပ်နေတဲ့ မကြီးသူငယ်ချင်း နီလာ လူနာကို ထိုးပြီးသားအပ် ပြန်စူးမိလို့ အဲ့ဆေး သောက်ရသေးတယ်။ ဆရာ၀န် ဆရာမတွေလည်း သနားပါတယ်။ တချို့ဆို လူနာဆီက HIV ရောဂါ ကူးသွားတဲ့လူတောင် ရှိတယ်တဲ့ "
" ဟင် … ကြောက်စရာကြီးနော်။ သမီးက ဘွဲ့ရရင် သူနာပြုသင်တန်း တက်ချင်တာ … အဲလိုကြီးဆို ကြောက်တယ်။ "
" မကြောက်ပါနဲ့ … ငယ်လေးရယ်။ ဘယ်အရာမဆို သတိရှိရှိ ကြိုတင်ကာကွယ်ရင် အန္တရာယ် ကင်းပါတယ်။ ရောဂါကူးနိုင်တဲ့ အပြုအမူတွေ ရှောင်ပေါ့။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေ၊ သွေးကြောထဲ မူးယစ်ဆေးသွင်းတာတွေ၊ အပ်စူးတာတွေကို သတိထား ရှောင်ရမယ်လေ။ စာစောင်တွေထဲမှာ ဖတ်ဖူးတယ် မဟုတ်လား။
ကံမကောင်း အကြောင်းမလှလို့ အဲ့တာတွေ ကြုံရတယ်ဆိုရင်လည်း ဆေးသောက်ပြီး ကာကွယ်ရမှာပေါ့ကွယ်။ မွန်မြတ်တဲ့အလုပ်ကို လုပ်တာပဲ။ ညီမလေး ကံကောင်းမှာပါ။ "
သူမ သေချာရှင်းပြပေမယ့် ငယ်လေးကတော့ တွေတွေငေးငေးပင်။
ညီမငယ်လေးလည်း မှန်ကန်သောရွေးချယ်မှုကို လုပ်နိုင်ပါစေ။
လူငယ်လူရွယ်များလည်း HIV အန္တရာယ်မှ ကင်းေ၀းပါစေဟုသာ ဆန္ဒပြုမိပါတော့တယ်။
Dr. Zero (www.drmyanmar.com)






























