ရှေးရှေးတုန်းကလို ... ထမင်းရည်ပူပူလေး သောက်ကြမလား?
ရှေးတုန်းက ထမင်းပေါင်းအိုးတွေ မပေါ်သေးတော့ ထမင်းရေ ငှဲ့ချက်ခဲ့ကြပါတယ်။ အခုခေတ်မှာတော့ ဆန်ထဲက အာဟာရမပျက်ယွင်းအောင်ဆိုတာထက် ထမင်းပေါင်းအိုးတွေရဲ့ လွယ်ကူသက်သာမှုကို နှစ်သက်သဘောကျကြတာ ဖြစ်ပါလိမ့်မယ်။
အရင်က သောက်ခဲ့ဖူးတဲ့ ထမင်းရည်ပူပူလေးအကြောင်း ဖတ်ကြည့်ကြရအောင်။
● ထမင်းရည်ထဲမှာ ကာဗွန်ဟိုက်ဒရိတ်တွေ အပြည့်ပါတာကြောင့် မနက်စောစော သောက်သုံးရင်ဖြင့် ရေဓာတ်ရော ကယ်လိုရီရော ရရှိမှာမို့် တစ်နေကုန်လုံး လန်းဆန်းတက်ကြွနေစေမှာပါ။
● ဝမ်းချုပ်တာကို ကာကွယ်ပါသတဲ့။ မနက်စောစောသောက်တဲ့ ထမင်းရည်ဟာ အူလမ်းကြောင်းတွေကို သန့်ရှင်းစေပြီး ကောင်းမွန်တဲ့ ဘက်တီးရီးယားလေးတွေကို ပွားများစေပါတယ်။
● ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပါတယ်။
ဆားလေး အနည်းငယ် ထည့်လိုက်ရင်ဖြင့် သဘာဝဓာတ်ဆားလေး ဖြစ်သွားပြီပေါ့။ ဝမ်းလျှောဝမ်းပျက်ဖြစ်၊ ဓာတ်ဆားလည်းမုန်းဆိုရင် ထမင်းရည်လေး သောက်ကြည့်ပါလား။ အင်အားတွေ ပြန်ပြည့်လာပြီး လန်းလာမှာ အသေအချာပါနော်။
● ပူနွေးတဲ့ထမင်းရည်နဲ့ တုပ်ကွေးသမားတွေအတွက်တော့ စူပါစွပ်ပြုတ် လုပ်လို့ရတယ်နော်။ ထမင်းရည်ပူပူလေးတည်ပြီး အရွက်လေးတွေခတ် အသားလေးတွေ လှီးထည့်လိုက်ရင် အာဟာရပြည့် ဓာတ်စာလေးတစ်ခု ရရှိပြီပေါ့။ အစာကြေလွယ်ပြီး ရင်ပြည့်ရင်ကယ်တာလည်း မရှိတာကြောင့် အလွန်သဘာဝကျတဲ့ အစာပါ။
>> ထမင်းရည် ဘယ်လိုလုပ်မလဲ?
ထမင်းပေါင်းအိုး အကောင်းစားတွေကြားမှာ ထမင်းရည် ဘယ်နှယ့်ဖန်တီးပါမယ်လို့ အကြံအိုက်နေသလား။
● ဆန်ကို နှစ်ထပ်ခန့် သန့်အောင် ဆေးကြောပါ။
● အိုးသန့်သန့်ထဲ ထည့်ပါ။
● ဆန် တစ်ခွက်နဲ့ ရေ လေးခွက် ရောပါ။ ဆူအောင် တည်ပါ။
● ထမင်းစေ့လေးတွေ ကွဲစပြုလာပြီဆိုရင် အရည်ကို စစ်ယူလိုက်ပါ။
● အရည်ကို ဆားလေး အနည်းငယ်ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။
အရသာလည်းရှိ ရှေးမူမပျက်တဲ့ ထမင်းရည်လေး အခါအားလျော်စွာ ဖန်တီးဖျော်စပ်လို့ ကျန်းကျန်းမာမာနေကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























