လက်တုန်တဲ့ရောဂါ
ငြိမ်ငြိမ်ထိုင်နေတဲ့အခါမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု တုန်နေတာ၊ စာရေးနေချိန်မှာ လက်တုန်နေတာမျိုးကို တွေ့ဖူးကြမှာပါ။ ဆေးပညာအရ tremor လို့ ခေါ်ပါတယ်။ Tremor အမျိုးမျိုးရှိတဲ့အထဲမှာ အဖြစ်များတဲ့ Essential Tremor အကြောင်း ပြောပြပေးလိုပါတယ်။
အာရုံကြောဆိုင်ရာ ေ၀ဒနာတစ်မျိုးဖြစ်ပြိး လူက ထိန်းချုပ်လို့ မရပါဘူး။ လက်မောင်း၊ လက်ချောင်း၊ ဦးခေါင်း၊ အသံအိုး စတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အပါအ၀င် ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အစိတ်အပိုင်းတွေ တုန်ယင်တာ ဖြစ်ပါတယ်။ လက်ဆန့်ချိန်မှာဖြစ်ဖြစ် (Postural Tremor)၊ တစ်ခုခုကို လှမ်းထိဖို့ ကြိုးစားချိန်မှာ တုန်တာ (National Tremor) က Essential Tremor ပါပဲ။ ခန္ဓာကိုယ်အောက်ပိုင်း အစိတ်အပိုင်းတုန်တာ ရှားပါတယ်။
ခေါင်းတုန်၊ လက်တုန် ဖြစ်နေတော့ နေ့စဉ်လူနေမှုဘ၀တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ အစာ စားရာ၊ အ၀တ်အစား ၀တ်တဲ့နေရာမှာ၊ စာရေးတဲ့နေရာမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ လက်တုန်ခြင်းဟာ ပြင်းထန်လာပြီဆိုရင်တော့ နေ့စဉ် လူနေမှုဘ၀ကိုပါ ထိခိုက်လာနိုင်ပါတယ်။
Essential Tremor (ET) ဟာ လေ့ကျင့်ခန်းလုပ်ရင်၊ ပူပန်သောကရောက်ရင်၊ အရက်ဖြတ်ရင်၊ မူးယစ်ဆေးဝါးပြတ်ရင်၊ တချို့သော ဆေးဝါးတွေ သောက်သုံးရင် ဖြစ်နိုင်တယ်ဆိုပေမယ့် ဦးနှောက်အကျိတ်၊ ပါကင်ဆန်ရောဂါ စတဲ့ ရောဂါ ကြီးကြီးမားမားတွေရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်ပါတယ်။
ငြိမ်နေချိန်မှာ တုန်တဲ့ (Resting Tremor)၊ လှုပ်ရှားတဲ့အချိန်ကျမှ တုန်တဲ့ (Action Tremor) ဆိုပြီး တခြားသော အမျိုးအစားတွေလည်း ရှိပါသေးတယ်။
>> Essential Tremor ဆိုရင် အောက်ပါလက္ခဏာတွေက ပိုပြီးထင်ရှားပါတယ်။
● အသံတုန်နေခြင်း
● ခေါင်းတုန်ခြင်း
● စိတ်ဖိစီးမှုများရင် ပိုဆိုးလာခြင်း
● ငြိမ်နေရင် သက်သာခြင်း
● ကိုယ်ရည်ရွယ်ထားတဲ့နေရာကို ရောက်အောင်သွားချိန် (ဥပမာ - မျက်နှာကို လက်နှင့် ထိဖို့သွားတဲ့အချိန်) မျိုးမှာ တုန်ခြင်း
● Essential Tremor ရှိခြင်းကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းတာနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိနိုင်ပေမယ့် ဒီလိုဖြစ်ရပ်မျိုးက ရှားပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)





























