လက်ဖက်ရည် အသောက်လွန်ရင် ကျောက်ကပ် ပျက်စီးသတဲ့
အသက် ၅၆ နှစ်အရွယ် အမေရိကန် အမျိုးသားတစ်ဦးဟာ တစ်နေ့တည်းမှာ လက်ဖက်ရည် ၁၆ ခွက် သောက်ပြီးနောက်မှာ ရုတ်တရက် ပင်ပန်းနွမ်းနယ်၊ နေမကောင်းဖြစ်သွားပြီး ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။ လက်ဖက်ရည်ထဲက ဓာတုဓာတ်တစ်မျိုးဖြစ်တဲ့ အောက်ဆဲလိပ်တွေကြောင့် ကျောက်ကပ် ဆိုးဆိုးဝါးဝါး ပျက်စီးသွားတာမို့ ကျောက်ကပ်ဆေး ကုသမှုအပြင် အထူးစောင့်ကြည့်ကုသမှု ခံယူနေရပါတယ်။
ဆရာဝန်တွေကတော့ ဒီလောက်ဆိုးဝါးတဲ့ ကျောက်ကပ်ပျက်စီးမှုဟာ လက်ဖက်ရည်ထဲက အောက်ဆဲလိပ်ဓာတ်တွေကတစ်ဆင့် ကျောက်တွေက ဆီးသွားလမ်းကြောင်းကို ပိတ်ဆို့သွားလို့ပါတဲ့။
လူတစ်ယောက်ဟာ တစ်နေ့ကို လက်ဖက်ရည် တစ်ခွက်ကနေ နှစ်ခွက်ထိ သောက်တာက အဆင်ပြေပြေ ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ၁၆ ခွက်ကတော့ သိပ်များလွန်းပါတယ်လို့ိ မှတ်ချက်ပြုနေကြပါတယ်။
ပူလောင်တဲ့ရာသီမှာ ရေခဲစိမ် လက်ဖက်ရည်တွေကို သောက်လေ့ရှိကြရာမှာ အလွန်အကျွံ ဖြစ်သွားတာဟာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်စေပါတယ်။ တရားခံကတော့ ကျောက်ကပ် ပျက်စီးသွားတာ ဖြစ်ပါတယ်။
လက်ဖက်ရည်က ကဖိန်းဓာတ်ဟာ လူကို လန်းဆန်းစေပြီး အထိုက်အသင့် နေလို့ကောင်းစေတာ အမှန်ပါပဲ။ အားအင်ပြည့်လာပြီး စိတ်ရွှင်လန်းစေပေမယ့် လွန်လွန်ကျူးကျူး အတိုင်းအတာကတော့ ခန္ဓာကိုယ်ကို အန္တရာယ် အကြီးအကျယ် ပေးနိုင်တယ်ဆိုတာ သတိချပ်သင့်ပါတယ်နော်။
ဆရာဝန်တွေကတော့ လက်ဖက်ရည်ထဲက အောက်ဆဲလိတ် (Oxalate) ဓာတ်ဟာ ကျောက်ကပ် ကျောက်တည်စေပါတယ်လို့ သတိပေးထားပါတယ်။
လက်ဖက်ရည် တစ်ရက်ကို နှစ်ခွက်နှုန်းနဲ့ နှစ်ချီ သောက်လာသူတွေမှာ ကျောက်ကပ် ကျောက်တည်လာမယ်ဆိုတာ သံသယရှိစရာ မလိုအောင် ဖြစ်နေပါပြီ။
ကျောက်ကပ် ကျောက်တည်တဲ့အခါ မခံမရပ်နိုင်အောင် ခါးနာတာအပြင် ဆီးပူ ဆီးအောင့် ခံစားရတာတွေကြောင့် ဘယ်လောက် စိတ်ညစ်ရတယ်ဆိုတာ ကျောက်တည်ဖူးသူတိုင်း သိပါတယ်။
ဒီတော့ တန်ဆေး လွန်ဘေး မဖြစ်ရအောင် တစ်ရက်ကို နှစ်ခွက်ခန့်သာ သောက်သုံးခြင်း၊ အလွန်အကျွံ သောက်တာမျိုး ရှောင်ကြဉ်ခြင်း၊ တချို့ရက်တွေမှာ လုံးဝမသောက်ဘဲ ရှောင်ကြဉ်ကြည့်ခြင်းဖြင့် မိမိရဲ့ကျောက်ကပ်လေးနှစ်ခုကို ကယ်တင်ကြရအောင်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























