/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်သည်း-ခြေသည်း-အရောင်နဲ့-ကျန်းမာရေးပြဿနာ

လက်သည်း ခြေသည်း အရောင်နဲ့ ကျန်းမာရေးပြဿနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လက်သည်း ခြေသည်း အရောင်ကို ကြည့်ခြင်းဖြင့် ကျန်းမာရေးအခြေအနေများကို ခန့်မှန်းနိုင်ပါတယ်။

          ကျန်းမာရေး တစ်စုံတစ်ရာ ထိခိုက်တဲ့အခါ လက်သည်းခြေသည်းမှာပါ လက္ခဏာများ ပြတတ်ပါတယ်။

          ပုံမှန် ကျန်းမာသူတစ်ယောက်ရဲ့ လက်သည်းဟာ ပန်းရောင်ညီညီညာညာ ရှိသင့်ပါတယ်။ အရောင် ပုံမမှန်ခြင်းဟာ လက်သည်းရောဂါတစ်မျိုးမျိုး ဖြစ်နိုင်သလို ခန္ဓာကိုယ်မှာ တစ်ခုခု ဖောက်ပြန် ပြောင်းလဲလို့လည်း ဖြစ်နိုင်ပါတယ်။

 

         လက်သည်း ခြေသည်း အရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ …

 •        အဝါရောင် လက်သည်း ခြေသည်းများ

          တစ်သျှူးထဲမှာ ပြန်ရည်စုပုံလာခြင်းကြောင့် ဖြစ်နိုင်သလို အဆုတ်ရောဂါနဲ့ ကြွပ်ပွေးရောဂါတွေမှာလည်း ရတတ်ပါတယ်။

 

•        စိမ်းဖန့်ဖန့် လက်သည်း ခြေသည်းများ

          မှိုပိုးတစ်မျိုးဖြစ်တဲ့ Pseudomonas ကြောင့်လည်း လက်သည်း ခြေသည်းများ အစိမ်းရောင် ပြောင်းတတ်ပါတယ်။

 

•        ညိုဖျော့ဖျော့ လက်သည်း ခြေသည်းများ

          ဆေးလိပ် အသောက်များသူ၊ လက်သည်း ဆိုးတာများသူနဲ့ ကင်ဆာဆေး သွင်းနေသူများမှာ လက်သည်း ခြေသည်း အညိုရောင် ပြောင်းတတ်ပါတယ်။

 

•        အနီရောင် လက်သည်း ခြေသည်းများ

          လက်သည်းအောက်မှာ သွေးခြေဥခြင်းက လက်သည်းခြေသည်းကို ပန်းခရမ်းရောင် ပြောင်းစေတတ်ပါတယ်။ ဒီလို အနီရောင်၊ ပန်းခရမ်းရောင် ပြောင်းခြင်းဟာ လက်သည်းအောက်မှာ သွေးထွက်တတ်တဲ့ Splinter Haemorrhage ကြောင့် ရတတ်ပါတယ်။

 

•        အပြာရောင် လက်သည်း ခြေသည်းများ

          ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Minocycline နဲ့ အခြားသောက်ဆေးတွေကြောင့် ဒီလိုအရောင်မျိုး ပြောင်းတတ်ပါတယ်။

 

•        မည်းပုပ်ပုပ် လက်သည်း ခြေသည်းများ

          အပေါ်မှာပြောခဲ့တဲ့ Pseudomonas ပိုးဝင်ခြင်းနဲ့ သွေးခြေဥခြင်းတို့မှာ ဖြစ်တတ်ပါတယ်။ မှဲ့ကင်ဆာမှာလည်း အမည်းရောင် လက်သည်းမျိုးနဲ့ လာတတ်တဲ့အတွက် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

•        ဖြူဖျော့ဖျော့ လက်သည်း ခြေသည်းများ

          ဖြူဖျော့ဖျော့ လက်သည်း ခြေသည်းတွေဟာ မွေးရာပါ ဖြစ်နိုင်သလို အသားဓာတ် နည်းပါးနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက်သည်း ခြေသည်းကို ထိခိုက်မိရာမှလည်း ဖြစ်နိုင်ပါသေးတယ်။ ခရုသင်းစွဲသူတချို့မှာလည်း လက်သည်းများ အရောင်ကျွတ်ကာ ဖြူဖျောလာတတ်ကြပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)