လည်ချောင်းနာပြီး ချောင်းဆိုးခြင်း
လည်ချောင်းနာတယ်ဆိုတာ အသံအိုးတွေ၊ အသံကြိုးတွေ ရောင်ရမ်းနာကျင်တာပါ။ ပုံမှန်အားဖြင့်တော့ ၁ ပတ်၊ ၂ ပတ်လောက်အတွင်း သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။
>> ဘာလက္ခဏာတွေ ပြတတ်လဲ?
● အသံအက်၊ အသံကွဲမယ်
● အသံမထွက်တာမျိုး ဖြစ်တတ်တယ်
● ချောင်းဆိုးမယ်
● လည်ချောင်းကို အမြဲရှင်းနေလိမ့်မယ်
● လည်ချောင်းနာမယ်
>> ကလေးတွေမှာဆို
● အဖျားကြီးမယ်
● မစားချင်၊ မသောက်ချင် ဖြစ်မယ်
● အသက်ရှူရခက်မယ် (ရှားတော့ ရှားပါတယ်)
● တခြား တုပ်ကွေး၊ အအေးမိတာနဲ့လည်း တွဲပြီး လာတတ်ပါတယ်။
>> ဘာတွေလုပ်ရမလဲ?
● တတ်နိုင်သလောက် စကားမပြောပါနဲ့။
● ရေများများ သောက်ပါ။
● လေကို မခြောက်သွေ့အောင် ရေခွက်လေးတွေ ထားထားပါ။
● ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းပါ။
>> မလုပ်ရမှာတွေက -
● အသံအကျယ်ကြီး ဒါမှမဟုတ် တိုးတိုးပြောဖို့ မကြိုးစားပါနဲ့။
● ဆေးလိပ်မသောက်ပါနဲ့။
● ဖုန်ထူတဲ့၊ မီးခိုးမွှန်တဲ့နေရာတွေ မသွားပါနဲ့။
● ကော်ဖီ၊ အရက် စတာတွေ ရှောင်ပါ။
အိမ်မှာ နာတာ သက်သာအောင် paracetamol၊ ချောင်းဆိုးပျောက်ဆေးရည် ဒါမှမဟုတ် ငုံဆေး ငုံလို့ ရပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ?
● ၂ ပတ်ကျော်လို့မှ မသက်သာရင်
● အစာတောင် မျိုမချနိုင်အောင် နာရင်
● ဒီလိုမျိုး ခဏခဏ ဖြစ်နေရင်
● ကလေးက အသက်ရှုရခက်တာမျိုး ဖြစ်နေရင် အရေးပေါ် ပြသင့်ပါတယ်။
>> ဘာကြောင့် ဖြစ်ရတာလဲ?
များသောအားဖြင့် တုပ်ကွေး၊ အအေးမိ ဖြစ်စေတဲ့ ဗိုင်းရပ်ကြောင့် ဖြစ်တာပါ။ တုပ်ကွေးကာကွယ်ဆေး ထိုးထားရင် လည်ချောင်းနာတာကိုလည်း ကာကွယ်နိုင်ပါတယ်။
>> တခြားဖြစ်စေတဲ့အရာတွေက -
● ဖုန်တွေ၊ မီးခိုးတွေကြောင့် ဓာတ်မတည့်တာ
● ဗိုက်ထဲက အစာခြေအရည်တွေ လည်ချောင်းထဲကို ပြန်ပြန်တက်လာလို့ ဖြစ်တာ
● ချောင်းအကြာကြီး ဆိုးနေလို့
● လည်ချောင်း ခဏခဏ ရှင်းလို့
>> ဆရာဝန်ဆီ ရောက်ရင် ဘာတွေလုပ်မလဲ?
● ဘာကြောင့် လည်ချောင်းနာတာလဲဆိုတာကို စစ်ဆေးပေးပါလိမ့်မယ်။
● လည်ချောင်းထဲကို မှန်အသေးလေးနဲ့ ကြည့်မယ်။
● လိုအပ်ရင် လည်ချောင်းတို့ဖတ်ယူပြီး စစ်ဆေးမယ်။
● သွေးစစ်မယ်
● လိုအပ်ရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆီ လွှဲပါလိမ့်မယ်။
Dr. Htar (www.drmyanmar.com)














