လမ်းလျှောက်တိုင်း ခြေထောက်နာနေလား
အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေ အားနည်းလာတာကြောင့် ခြေထောက် နာလာတတ်ပါတယ်။ ဒါပေမဲ့ လမ်းလျှောက်တဲ့အချိန်မှာ ခြေထောက်ကိုက်တာ နာတာက တစ်ခါတလေမှာ သွေးကြောကျဉ်းတာ၊ ပိတ်တာစတဲ့ သွေးကြောရောဂါတွေရဲ့လက္ခဏာ ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ အသက်ကြီးတဲ့လူ၊ သွေးတိုး၊ ဆီးချိုရောဂါ ရောဂါရှိသူ၊ အဆီများတဲ့ လူတွေနဲ့ ဆေးလိပ်သောက်တတ်သူတို့မှာ အဖြစ်များပါတယ်။
ဒီရောဂါရှိတဲ့ လူတွေရဲ့သွေးကြောတွေ အများအားဖြင့် ခြေထောက်မှာရှိတဲ့ သွေးကြောတွေရဲ့ အထဲမှာ အဆီလေးတွေကို သွားပိတ်ဆို့နေတတ်ပါတယ်။ ဒီအခါမှာ သွေးက ကြွက်သားတွေဆီကို ကောင်းကောင်း မစီးဆင်းနိုင်တော့တာကြောင့် လမ်းလျှောက်တဲ့အခါမှာ နာလာတာ ဖြစ်ပါတယ်။
>> နာတဲ့ပုံစံကို သတိထားပါ
စစဖြစ်ချင်းမှာတော့ လမ်းလျှောက်တဲ့အခါ၊ လှုပ်ရှားတဲ့အခါမှာ ခြေသလုံး၊ ပေါင်၊ တင်ပါးတွေက ကြွက်တက်သလို နာလာပြီး နားလိုက်တာနဲ့ ပျောက်သွားပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ အရင်ကလောက်တောင် မလျှောက်ရသေးဘဲ နာလာတာ နောက်ပိုင်းမှာ ထိုင်နေရင်း၊ လှဲနေရင်းနဲ့ တောင်မှ နာလာတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ -
● တော်တော်နဲ့ မပျောက်တဲ့ အနာတွေ ဖြစ်လာတာ
● ခြေထောက်တွေက အေးလာတာ
● ခြေထောက်အရောင်ပြောင်းတာ
● ခြေထောက် အမွေးတွေ ကျွတ်တာ၊ ခြေသည်းတွေ ပျက်စီးလာတာ တို့ ဖြစ်ပါတယ်။
>> ဆရာဝန်နဲ့ ပြသပါ
လမ်းလျှောက်တဲ့အခါ ခြေထောက်နာတာနဲ့ သွေးကြောရောဂါလို့ ပြောလို့မရပေမယ့် အရေးကြီးတဲ့အတွက်ကြောင့် အမြဲတမ်း ထည့်သွင်းစဉ်းစားရပါမယ်။
ခြေထောက်က သွေးကြောမှာ အဆီတွေ ပိတ်နေသလိုပဲ ဦးနှောက်နဲ့ နှလုံးရဲ့ သွေးကြောတွေမှာလည်း ပိတ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ပုတ်တာတို့အထိ ဖြစ်နိုင်ပါတယ်။
>> စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပေးပါ
ဆေးလိပ်၊ ဆေးရွက်ကြီး ရှောင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ အသီးအနှံ အသီးအရွက် များများစားပါ၊ ပြည့်ဝဆီပဲ စားပါ။
ခြေထောက်နာတာနဲ့ မလှုပ်ရှားတော့တာဟာ မှားပါတယ်။ နာပေမယ့်လည်း ကိုယ်လက်လှုပ်ရှားမှုကို ပိုပြီးပြုလုပ်ပေးရပါမယ်။
ဒါ့အပြင် ဆရာဝန်က အဆီတွေ ဖျော်ဖို့၊ သွေးမခဲစေဖို့ ဆေးတွေပေးပါလိမ့်မယ်။ ရောဂါအခံကိုလည်း ကုသရပါမယ်။ သွေးကြောပိတ်တာ အရမ်းဆိုးနေခဲ့ရင်တော့ လိုအပ်သလို ခွဲစိတ်ပြုပြင်ဖို့ လိုနိုင်ပါတယ်။
စောစောသိပြီး စောစောကုသနိုင်ရင် အကောင်းဆုံးပါပဲ။
Htar (www.drmyanmar.com)





























