လူ့ခန္ဓာကိုယ်မှာ အရိုးဘယ်နှစ်ခုရှိသလဲ
ကလေးလေးအရွယ်တုန်းက လက်သေးသေး၊ ခြေထောက်သေးသေးနဲ့ တစ်ကိုယ်လုံးသေးသေးကွေးကွေးလေးကနေ ကြီးပြင်းလာတာနဲ့အမျှ အရိုးတွေအပါအဝင် အရာအားလုံးကြီးထွားဖွံ့ဖြိုးလာကြပါတယ်။
မွေးလာချိန်မှာ ကလေးရဲ့ခန္ဓာကိုယ်မှာ အရိုးပေါင်း 300 ရှိပါတယ်။ အရွယ်ရောက်လာချိန်မှာ ဒီအရိုးတွေက ပေါင်းစပ်သွားပြီးတော့ 206 ရိုးပဲကျန်ပါတော့တယ်။ ကလေးတွေမှာ အချို့အရိုးတွေက အရိုးနုတွေနဲ့ပဲဖွဲ့စည်းထားပါတယ်။ အခြားအရိုးတွေမှာလည်း အရိုးနုတစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ အရိုးနုတွေက နူးညံ့ပြီး ကွေးဆန့်လို့ရပါတယ်။ ကြီးထွားလာတဲ့တစ်လျှောက်မှာ ကယ်ဆီယမ်တွေကြောင့် ဒီအရိုးနုတွေနေရာမှာ အရိုးအရင့်တွေ အစားထိုးဝင်ရောက်လာပါတယ်။
အသက် 25 နှစ်အရွယ်ရောက်ရင် အရိုးကြီးထွားဖွံဖြိုးမှု ပြီးဆုံးသွားပါပြီ။ 25 နှစ်နောက်ပိုင်းမှာတော့ အရိုးတွေဆက်ပြီး မကြီးထွားတော့ပါဘူး။ ဒီအရိုးတွေအားလုံးပေါင်းပြီး သန်မာတဲ့အရိုးငြမ်းအဖွဲ့ဖြစ်လာပါတယ်။
Dr. Mya Myo Myo Swe





























