လေထိုးလေအောင့်တဲ့အခါ
လေထိုးလေအောင့်တယ်ဆိုတာက ဗိုက်ထဲမှာပဲ အဖြစ်များတယ်ဆိုပေမယ့်လည်း ရင်ဘတ်ထဲမှာလည်း လေအောင့်တာကိုခံစားရနိုင်ပါတယ်။
ဒီလိုလေထိုးလေအောင့်တာက နေရခက်ပေမယ့်လည်း အရမ်းစိုးရိမ်စရာတော့ မလိုပါဘူး။ ဒါပေမဲ့လည်း ရင်ဘတ်ထဲမှာ လေထိုးတာကတော့ အဖြစ်နည်းသလို ဂရုစိုက်ဖို့လည်း လိုပါတယ်။ အာဂန္တုအောင့်တာမဟုတ်ရင် ဒါက တခြားပြင်းထန်တဲ့ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ် ခံစားချက်တွေအပြင် အောက်ပါလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။
● လေတက်ခြင်း
● အစာမကြေခြင်း
● လေတွေထွက်သွားမှ အောင့်တာသက်သာခြင်း
● အစာစားချင်စိတ်မရှိခြင်း
● ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
● ဗိုက်ထဲမှာ ဟိုနေရာအောင့်လိုက် ဒီနေရာအောင့်လိုက်ဖြစ်ခြင်း
ရင်ဘတ်အောင့်တာက လေထိုးလို့အောင့်တာလား၊ အစာအိမ်ထဲက အက်ဆစ်တွေ ပြန်ကန်တက်လို့လား၊ ဒါမှမဟုတ် နှလုံးတိုက်ခိုက်ခံရတာလိုမျိုး ပိုဆိုးတဲ့ပြဿနာကြောင့်လားဆိုတာကို ခွဲရခက်တတ်ပါတယ်။
Kremil-S 1
>> ရင်ဘတ်အောင့်တာနဲ့အတူ အောက်ပါလက္ခဏာတွေပါခံစားရရင် အရေးပေါ်ကုသမှု ချက်ချင်းခံယူပါ။
● အသက်ရှူမြန်ခြင်း
● ရင်ဘတ်ကို တစ်ခုခုနဲ့ဖိထားသလိုဖြစ်လိုက်၊ ပျောက်လိုက်ခံစားရခြင်း
● လက်မောင်းတွေ၊ နောက်ကျော၊ လည်ပင်း၊ အစာအိမ်နဲ့ မေးရိုးတွေအပါအဝင် ခန္ဓာကိုယ်အပေါ်ပိုင်းက တခြားနေရာတွေမှာ မသက်မသာခံစားရခြင်း
● ချွေးစေးအေးအေးတွေထွက်ခြင်း
● ပျို့ခြင်း
● ခေါင်းကိုက်ခြင်းတို့ဖြစ်ရင် အရေးပေါ်ကုသမှု ချက်ချင်းခံယူပါ။
Heart attack လို့ခေါ်တဲ့ နှလုံးတိုက်ခိုက်ခံရတာက အမျိုးသားနဲ့အမျိုးသမီးတွေမှာ မတူကြပါဘူး။ အမျိုးသမီးတွေက အသက်ရှူမြန်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နောက်ကျောနဲ့ မေးရိုးနာကျင်ခြင်းတွေကို အမျိုးသားတွေထက် ပိုခံစားရတတ်ပါတယ်။ လက်မောင်းအောင့်တာကိုတော့ ခံစားရနိုင်ချေနည်းပါတယ်။
>> ရောဂါဖြစ်စေသောအကြောင်းအရင်းများ
လေအောင့်တာက ရင်ဘတ်အောက်ပိုင်းမှာ ခံစားရတာ ပိုများပြီးတော့ တချို့အစားအစာတွေကို ကောင်းကောင်း မတုန့်ပြန်နိုင်တာလိုမျိုးလေးတွေကနေတောင်မှ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် - ဂက်စ်ပါတဲ့အချိုရည်တွေ၊ သကြားပါတဲ့ အရက်တွေကြောင့် တချို့လူတွေမှာ လေထတတ်ပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေကြောင့်လည်း လေထတတ်ပါတယ်။
Kremil-S 2
>> ရောဂါကို ဘယ်လိုသိနိုင်မလဲ?
လူနာကို ဒီအတိုင်းလေး စစ်ကြည့်ရုံနဲ့တော့ ရင်ဘတ်ထဲမှာ လေကြောင့်အောင့်တာကို သိဖို့ခက်ပါတယ်။ ဒီတော့ နှလုံးကြောင့် မဟုတ်တာကိုလည်း သေချာအောင် နှလုံး EKG ရိုက်ဖို့လည်း လိုပါတယ်။
တခြားစစ်ဆေးမှုတွေကတော့ -
● Celiac disease, Crohn’s Disease ရဲ့ အမှတ်အသားတွေနဲ့ ရောဂါပိုးတွေကို ရှာဖို့အတွက် သွေးစစ်မှုများ
● အစာအိမ်မှန်ပြောင်း
● ဝမ်းစစ်ဆေးခြင်း
● Lactose intolerance test – lactose နဲ့ ဓာတ် တည့်၊ မတည့် စစ်ဆေးခြင်း
● ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း - အစာအိမ်နဲ့ သည်းခြေအိတ်လိုမျိုး ကိုယ်အင်္ဂါတွေ ကောင်း၊ မကောင်း စစ်ဆေးခြင်းတို့ ပြုလုပ်ပေးဖို့ လိုပါတယ်။
>> သဘာဝကုထုံးများ
ရင်ဘတ်ထဲမှာ လေထိုးလေအောင့်သလို ခံစားရရင် ပထမဆုံးအနေနဲ့ ဂက်စ်မပါတဲ့အရည်တွေ များများသောက်ပေးပါ။ ဒါက အစာခြေတာကို ကောင်းစေပြီးတော့ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။ ရေကတော့ အကောင်းဆုံးပါပဲ။ ဂျင်းပြုတ်ရည်၊ ပူရှိန်းလက်ဖက်ရည်တွေကလည်း လေကို နိုင်ပါတယ်။ ချင်းကို လက်ဖက်ရည်အနေနဲ့သာမက ဘယ်လိုပဲစားစား လေထတာကို သက်သာစေပြီးတော့ ပျို့ခြင်းအန်ခြင်း စတဲ့ တခြားအစာခြေပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဂက်စ်ပါတဲ့အချိုရည်တွေ ရှောင်ပါ။ lactose intolerance ရှိရင် နို့ထွက်ပစ္စည်းတွေ ဝေးဝေးရှောင်ပါ။
ဖြစ်နိုင်ရင် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း နည်းနည်းလုပ်တာကတောင်မှ အစာခြေတာကို ကောင်းစေပြီးတော့ ခန္ဓာကိုယ်ထဲကလေတွေကို ဖယ်ပေးပါတယ်။ အနားမှာလှည့်ပြီး လမ်းလျှောက်တာ၊ ပက်လက်လေးလှန်ပြီးတော့ ခြေထောက်လေးနဲ့ ကန်တာကတောင်မှ သွေးလှည့်ပတ်မှုကို ကောင်းစေပြီးတော့ အစာခြေစနစ်ကို အားကောင်းစေပါတယ်။
>> တခြားကုထုံးများ
Antacids ဆေးတွေက လေထိုးတာတွေ၊ ရင်ပူတာတွေကို သက်သာစေပါတယ်။ တခြားရောဂါတွေကြောင့် ရင်ဘတ်အောင့်တာဆိုရင်တော့ ဆရာဝန်က လိုအပ်တဲ့ဆေးတွေ ညွှန်ပါလိမ့်မယ်။
ဒီတော့ ရင်ဘတ်ထဲမှာ လေအောင့်တာက ပျောက်တာ မြန်ပါတယ်။ သဘာဝကုထုံးတွေ သုံးကြည့်လို့ မိနစ် ၃၀၊ ၄၅ မိနစ်လောက်မှာဆိုရင် သက်သာသွားသင့်ပါတယ်။
နှလုံးတိုက်ခိုက်ခံရတဲ့လက္ခဏာတွေ မရှိဘူး၊ ရင်ဘတ်အောင့်တာက နာရီအတော်များများ မကြာဘူးဆိုရင် စိတ်ပူစရာမလိုပါဘူး။ လက္ခဏာတွေက နာရီအနည်းငယ်ထက် ပိုကြာနေရင်တော့ ဆေးရုံ၊ဆေးခန်းသွားပြပါ။
ပြီးတော့ မကြာခဏ ရင်ဘတ်ထဲမှာ လေအောင့်နေရင်၊ တစ်ပတ်ထက်ပိုကြာရင် (သို့) ကုသပေမယ့် သက်သာဖို့ ခက်နေရင် ဆရာဝန်နဲ့ သွားပြပါ။ ဆရာဝန်က လိုအပ်တာတွေ စစ်ဆေးပြီးတော့ ညွှန်ကြားပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























