/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေ့ကျင့်ခန်း-မလုပ်ခင်-သတိထားကြဖို့

လေ့ကျင့်ခန်း မလုပ်ခင် သတိထားကြဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အားကစားသမားတစ်ယောက်ဖြစ်တဲ့ Charles Chuck Hughes ဟာ ၁၉၄၃ ခုနှစ်၊ မတ်လ ၂ ရက်မှာ မွေးဖွားခဲ့တယ်။ သူဟာ အနောက်ပြည်တက်ဆက်ကောလိပ်ရဲ့ ထင်ရှားတဲ့ အားကစားသမားတစ်ယောက်ပေါ့။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်နာမည်ကြီး NFL အသင်းထဲ ပါခဲ့တယ်။

          လူတွေကို အံ့အားသင့်စေတဲ့ အဖြစ်ကြီးဖြစ်ခဲ့တာ အောက်တိုဘာ ၂၄၊ ၁၉၇၁ ခုနှစ်မှာပေါ့။ ပွဲထဲ ကစားနေရင်း ရုတ်တရက် လဲကျသွားတယ်။ ကစားဖော် ကစားဖက်တွေအားလုံး အရေးပေါ်အသက်ကယ်နည်းနဲ့ နှလုံးကို နှိုးဆွပေမယ့် ကွင်းထဲမှာပဲ အသက်ဆုံးရှုံးသွားရတယ်။

          Hughes ရဲ့ မျိုးရိုးထဲမှာ နှလုံးရောဂါမျိုးရိုးရှိပြီး အလောင်း ခွဲစိတ်ကြည့်တော့လည်း နှလုံးသွေးကြောပိတ်ရောဂါလို့ ထွက်လာတယ်။ ဒီလိုအဖြစ်ဆိုးကြီးမဖြစ်ခင် ၆ ပတ်ခန့်လောက်ကလည်း ရင်ဘတ်အောင့်လို့ အရေးပေါ်ကို သွားပြခဲ့ပေမယ့် အဲဒီအချိန်တုန်းက ဘာမှထူးထူးခြားခြား မတွေ့တာကြောင့် ဆရာဝန်တွေက ကျောက်ကပ်၊ အသည်းနဲ့ ဘေလုံး တစ်ခုခုကြီးနေလို့ ဖြစ်ပါလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

          အားကစားသမားတွေဟာ အသက်ကြီးလာတာနဲ့အမျှ နှလုံးဖောက်ဖို့ ပိုများလာပါတယ်တဲ့။

          ဒီအဖြစ်အပျက်ကြီး ပြီးတဲ့နောက်မှာ လူတွေ ပိုပြီးသတိထားမိလာကြတယ်။ ဒီလိုအဖြစ်ဟာ ရှားပေမယ့် သတိထားသင့်တဲ့ အခြေအနေတစ်ခုပါ။ အထူးသဖြင့် အားကစားသမားတွေ သက်လတ်ပိုင်း ရောက်လာရင် ပိုပြီးနှလုံးရောဂါ ရတတ်တယ်လို့ ဆိုကြတယ်။

          နှလုံးရောဂါ ဖြစ်နိုင်ခြေကတော့ အားကစားသမားရော၊ အားကစား မလုပ်သူတွေမှာပါ ရှိပါတယ်။ ဒါပေမဲ့ အားကစားသမားတွေမှာ နှလုံးရောဂါ ဖြစ်မှန်းမသိ ဖြစ်နေကြတာမျိုး ရှိတတ်တယ်။

          အရေးပေါ်အသက်ကယ် နှလုံးနှိုးဆွနည်းဟာလည်း အခုခေတ်မှာ အောင်မြင်နိုင်ခြေ နည်းနေသေးပြီးတော့ ၂၃% လောက်ပဲ အောင်မြင်ပါသေးတယ်။

 

>>    နှလုံးမဖောက်ခင် သတိပေးသံတွေ

          နှလုံးဖောက်တာ အဖြစ်များတဲ့ရောဂါကတော့ နှလုံးသွေးကြောကျဉ်းရောဂါပါ။ ၃ ပုံ ၁ ပုံလောက်မှာ နှလုံးသွေးကြောပိတ်တာကို တွေ့ရတယ်။ ၃ ပုံ ၂ ပုံလောက်မှာတော့ သွေးကြောမပိတ်သေးဘဲ ကျဉ်းနေတတ်ကြတယ်။

          ပိုအရေးကြီးတာက ဒီလိုလူတွေရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ ဒီလိုမဖြစ်ခင် ၁ ပတ်လောက်မှာ ရောဂါလက္ခဏာ ပေါ်တတ်ကြတယ်။

 

>>    များသောအားဖြင့်

●        ဘယ်ဘက်ရင်ဘတ်အောင့်တာ

●        အသက်ရှူကြပ်တာ

●        တုပ်ကွေး ထသလို ဖြစ်တာမျိုးတွေ ဖြစ်တတ်တယ်။

 

>>    ဒီလိုအဖြစ်ဆိုးမျိုးကို ကာကွယ်ဖို့ -

၁။       နှလုံးရောဂါဖြစ်နိုင်ခြေကို စစ်ဆေးကြည့်ရမယ်။

          အားကစားသမားတွေဟာ သူများတွေထက်စာရင် ပိုပြီးကျန်းမာတယ် ထင်ရပေမယ့် သူတို့မှာလည်း သွေးတွင်း အဆီများနေတာ၊ သွေးတိုးနေတာ၊ ဆီးချို ရှိနေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် စစ်ဆေးကြည့်ဖို့လိုတယ်။

၂။ အားကစားသမားတွေမှာဖြစ်တဲ့ နှလုံးဖောက်တာဟာ အမှတ်မထင်ဖြစ်တယ်လို့ ထင်တတ်ကြတယ်။ မဟုတ်ပါဘူး။

          နှလုံးရောဂါမျိုးရိုးလည်း ရှိမယ်၊ အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေလည်း ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုတယ်။

၃။ ဒါပေမဲ့ အားကစားလုပ်ခြင်းက နှလုံးရောဂါဖြစ်နှုန်းကို တခြားမလုပ်တဲ့လူတွေထက်စာရင် လျှော့ချပေးနိုင်တယ်။

၄။       နောက်ဆုံးအနေနဲ့ကတော့ အားကစားသမားတွေဟာ နှလုံးရောဂါလက္ခဏာတွေကို သတိမထားမိတတ်ကြဘူး။

          ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာရော ဒီလိုလက္ခဏာတွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူဖို့ အရေးကြီးတာကို သတိပေးသင့်တယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)