လေးဖက်နာ နှလုံးရောဂါ
လေးဖက်နာ နှလုံးရောဂါဆိုတာ ဖွံဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါတစ်မျိုးပါ။ မြန်မာပြည်မှာလည်း အတွေ့ရများပါတယ်။ ကလေးတွေနဲ့ လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ဟာ လေးဖက်နာရောဂါ ဖြစ်စေတဲ့ပိုးအပေါ်မှာ တုံ့ပြန်တာကြောင့် ဖြစ်တာပါ။
လူတိုင်းမှာမဖြစ်ဘဲ တချို့လူတွေမှာ မျိုးရိုးဗီဇအရ ဖြစ်တတ်တာပါ။ လည်ချောင်းထဲကို ဝင်တဲ့ streptococcal ဆိုတဲ့ ပိုးကို ခန္ဓာကိုယ်က တုံ့ပြန်ရင်း လေးဖက်နာရောဂါ စဖြစ်ပါတယ်။
ဒီပိုးကို တိုက်တဲ့ ကိုယ်ခံအားလေးတွေဟာ နှလုံးကြွက်သား အဆို့ရှင်လေးတွေကို မှားပြီးတိုက်ခိုက်ရာကနေ လေးဖက်နာ နှလုံးရောဂါ ဖြစ်လာပါတယ်။ သူဟာ ၁၀ နှစ်၊ အနှစ် ၂၀ လောက်ကို လက္ခဏာမပြဘဲ နေနိုင်ပါတယ်။ ဘာလို့ဆို အဆို့ရှင် ပျက်ဆီးနေတာတောင် နှလုံးက ရအောင်သွေးတွေ ညှစ်နေလို့ပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နှလုံးက အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းလာပါတယ်။
>> ရောဂါလက္ခဏာတွေက
အဆို့ရှင် အကုန်နီးပါးကို ထိခိုက်ပေမယ့် အဓိက mitral ၊ aortic ၊ tricuspid ဆိုတဲ့ အဆို့ ၃ ခုကို ထိပါတယ်။ Mitral ကေတာ့ အားလုံးနီးပါးမှာ ထိပါတယ်။ အဆို့ရှင်တွေက မာလာပြီး သွေးကို ညှစ်တာမှာ နည်းနည်းပဲ ထွက်တာ ဒါမှမဟုတ် နောက်ပြန် စီးဆင်းတာတွေ ဖြစ်စေပါတယ်။
ဒီအခါမှာ သွေးညှစ်နေရတဲ့ နှလုံးအခန်းလေးတွေဟာ ပိုပြီးပင်ပန်းလာပြီး ညှစ်အားနည်းလာမယ်။ တစ်ကိုယ်လုံးကို ပို့တဲ့သွေးတွေနည်းလာပြီး အဆုတ်ထဲမှာလည်း အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကောင်းကောင်း မလဲလှယ်နိုင်တော့ပါဘူး။
သွေးကို ညှစ်နေပေမယ့် နောက်ပြန်ပြန်စီးလာတဲ့အတွက် နှလုံးဘယ်ဘက်အခန်းက အလုပ်ပိုလုပ်ရ ပိုကျယ်လာပြီး နောက်ဆုံး အလုပ်မလုပ်နိုင်တော့ဘဲ ဖြစ်သွားပါတယ်။ ဒါကတော့ အဖြစ်အများဆုံးပါပဲ။
>> ဘယ်လိုကာကွယ်မလဲ?
ကာကွယ်တဲ့နေရာမှာ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံ ရှိပါတယ်။ ဆရာဝန်တွေ အသုံးအများဆုံး နည်းလမ်းကတော့ လည်ချောင်းထဲမှာ streptococcus ပိုးဝင်တာနဲ့ ပင်နီစလင် ဆိုတဲ့ ပိုးသတ်ဆေးကို ကြာရှည်စွဲသောက်ခိုင်းတာ ဖြစ်ပါတယ်။
နောက်တစ်ခုက အဖြစ်များနိုင်တဲ့ အသက်အရွယ်၊ လူတန်းစား (ဆင်းရဲတဲ့၊ ညစ်ပတ်တဲ့၊ လူနေထူထပ်တဲ့ နေရာမှာ နေတဲ့) ကို ရောဂါလက္ခဏာ မပြခင်တည်းက စောစောသိရအောင် နှလုံးဓာတ်မှန်ရိုက်ကြည့်ပြီး ရှာဖွေတာ ဖြစ်ပါတယ်။
>> ကုသနည်း
ဆေးသောက်ပြီး ကုသတာကတော့ ရောဂါအခြေအနေကို မဆိုးသွားအောင် ထိန်းသိမ်းတာမျိုးပဲ ရှိပါတယ်။ ဒါကြောင့်မို့ မဖြစ်ခင်တည်းက ကာကွယ်ပါ။ ပိုးသတ်ဆေး ရေရှည်တိုက်ထားရင် သေချာသောက်ပါ။
နှလုံးရဲ့ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပြီဆိုတာနဲ့ ခွဲစိတ်ကုသတဲ့နည်းပဲ ရှိပါတော့တယ်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ပြောင်းလဲရပါမယ်။
ကိုယ့်မှာ လေးဖက်နာ နှလုံးရောဂါရှိရင် ခွဲစိတ်ကုသမှု အသေးစားပဲဖြစ်ဖြစ်၊ သွားနဲ့ ခံတွင်းကုသမှုပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုရင် ကြိုပြောရပါမယ်။ နှလုံးထဲ ပိုးဝင်မှာကို ကြောက်ရလို့ပါ။ အထူးသဖြင့် ခွဲစိတ်ပြီး အဆို့ရှင် လဲထားတဲ့ လူတွေ၊ အဆို့ရှင် ပြုပြင်ထားတဲ့လူတွေ ဆိုရင်ပေါ့။
ခွဲစိတ်တာကတော့ အဆို့ရှင်တွေ ကျဉ်းနေရင် ကျယ်အောင် ပူဖောင်းထည့်တာ၊ အရမ်းပျက်ဆီးနေရင် အဆို့ရှင် အတုထည့်တာမျိုးတွေ လုပ်လို့ရပါတယ်။
>> နောက်ဆက်တွဲ ပြဿနာတွေ
ဒီလို အဆို့ရှင် ပြဿနာရှိသူတွေဟာ သွေးခဲတတ်ပါတယ်။ သွေးခဲလေးတွေဟာ သွေးကြောထဲ လျှောက်သွားပြီး အရေးကြီး သွေးကြောတွေကို ပိတ်ဆို့ရင် လေဖြတ်တာ၊ နှလုံးပုတ်တာ၊ အဆုတ်သွေးခဲပိတ်တာမျိုးတွေ ဖြစ်နိုင်လို့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သွေးမခဲအောင် ဆေးတွေ ပုံမှန်သောက်ရပါမယ်။
နောက်တစ်ခုက နှလုံးအခန်းကျယ်လာတဲ့အတွက် နှလုံးပုံမှန်ခုန်အာင် လုပ်ပေးနေတဲ့ လျှပ်စီးကြောင်းလေး ပုံမမှန်တော့ဘဲ နှလုံးခုန် မမှန်တာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် mitral valve ကျဉ်းတဲ့ လူတွေမှာ တွေ့ရပြီး အသက်ကြီးသူတွေမှာ ပိုဖြစ်ပါတယ်။ သူ့ကြောင့်လည်း သွေးခဲပိုဖြစ်စေတာကြောင့် နှလုံးသွေးကြောပိတ်တာတွေ ဖြစ်နိုင်ပါတယ်။
Dr. Htar (www.drmyanmar.com)




























