/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လွယ်လင့်တကူ-အိပ်ပျော်စေနိုင်သောနည်းလမ်းများ

လွယ်လင့်တကူ အိပ်ပျော်စေနိုင်သောနည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဟာ လူသားတွေအတွက် ဆုလာဘ်ကောင်းတစ်ခုပါ။ လေ့လာမှုအရ 86% လောက်သောလူတွေဟာ ကောင်းစွာအိပ်မပျော်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ နည်းလမ်းတွေကိုဖော်ပြလိုက်ပါတယ်။

1. ဘယ်ဘက်နှာခေါင်းပေါက်နှင့်  အသက်ရှူပါ။

        ဘယ်ဘက်ကိုစောင်းအိပ်ပါ။ ညာဘက်နှာခေါင်းပေါက်ကိုပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အသက်ရှူသွင်းခြင်းဟာ သွေးဖိအားကိုလျော့ချပေးနိုင်ပြီး စိတ်ကိုတည်ငြိမ်စေတဲ့ ယောဂကျင့်စဉ်နည်း တစ်နည်းဖြစ်တာကြောင့်  အိ်ပ်မပျော်နိုင်ဖြစ််နေချိန်မှာ အိပ်ချင်စိတ်ကိုဖြစ်လာစေဖို့  ဒီနည်းကအထောက်အကူပြုပေးနိုင်ပါတယ်။

 

2. ကြွက်သားတွေကိုဖြေလျော့ပါ။ 

        ကြွက်သားတွေကိုဖြေလျော့လိုက်ခြင်းဟာ သင်အိပ်ပျော်စေဖို့ ပြင်ဆင်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်  အိပ်ပျော်စေဖို့  အကြောလျော့ပေးရမှာပါ။ အိပ်ရာပေါ်ပက်လက်လှဲလိုက်ပြီး အသက်ကိုဖြည်းဖြည်း မှန်မှန်ရှူသွင်းကာ ခြေချောင်းတွေစုရုံးပြီး အောက်ဘက်သို့ ကွေးညွှတ် လိုက်၊ ပြန်ဖြေလျော့လိုက် လုပ်ပေးပါ။ နောက်တစ်နည်းက  အသက်ကိုဖြည်းညင်းစွာရှူပြီး ဒူးခေါင်းကိုကွေးလိုက်၊ ပြန်ချလိုက်လုပ်ပေးပါ။ ၄င်းကဲ့သို့ ခြေထောက်ကိုကွေးညွှတ်လိုက်၊  ဆန့်တန်းလိုက်ပြုလုပ်ခြင်းကြောင့်  ခန္ဓာကိုယ်ရှိ တင်းနေတဲ့ကြွက်သားတွေပြေလျော့သွားပြီး အိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်။

 

3. အကြောင်းအရာများကို ပြန်တွေးတောပါ။ 

        သင့်ကိုအမှတ်တရဖြစ်စေတဲ့ ကြည်နူးစရာအကြောင်းအရာတစ်ခုခုကို ပြန်လည်တွေးတောခြင်းဟာ စိတ်ကိုစုစည်းတည်ငြိမ်စေတဲ့အတွက် အိပ်ပျော်စေဖို့လှုံ့ဆော်မှုတစ်ခုဖြစ်စေပါတယ်။ 

 

4. မျက်လုံး ကစားပေးပါ။

        မျက်လုံးမှိတ်ပြီးမျက်ဆန်ကို အထက်၊ အောက်၊ ဘယ်၊ ညာရွှေ့ခြင်း ကိုသုံးကြိမ်ပြုလုပ်ပေးပါ။ သင်အိပ်ရာ၀င်ချိန်မှာ မျက်လုံးကစားပေးခြင်းက အိပ်စက်မှုဟော်မုန်း မယ်လတိုနင်ကိုထွက်စေတာကြောင့် အိပ်ပျော်စေဖို့ အားပေးပါတယ်။

 

5. စိတ်ကူးယဉ်ပါ။

         ဖြစ်ချင်တာတွေကိုစိတ်ကူးယဉ်ခြင်းက အတွေးထဲမှာကိုယ်တိုင်နစ်မြောပါ၀င်သွားစေပြီး  စိတ်ကိုကြည်နူးစေတာကြောင့် အိပ်ငွေ့ချလိုက်သလို အကျိုးသက်ရောက်မှုရှိစေပါတယ်။

 

6. ၀မ်းဗိုက်၊ ရင်ဘတ် တုန်ခါမှုကို ကိုယ်တိုင်ပြန်နားထောင်ပါ။ 

         သက်သောင့်သက်သာဖြစ်စေမယ့်  အနေအထားမျိုးထိုင်ပါ။ မျက်လုံးမှိတ်ထားပြီး ပခုံးကြွက်သားတွေကို ဖြေလျော့ထားပါ။ ပါးစပ်ကိုပိတ်ထားပြီး  နှာခေါင်းနဲ့အသက်ပြင်းပြင်းရှူသွင်းပါ။ အသက်ရှူသွင်း၊ ရှူထုတ် လုပ်နေချိန်မှာ ၀မ်းဗိုက်နိမ့်သွားလိုက်၊ မြင့်လာလိုက်  ဖြစ်နေခြင်းအပေါ် အာရုံစိုက်ပါ။ နောက်တစ်နည်းက ပါးစပ်ကနေ အသက်ရှူထုတ်ပါ။ အသက်ရှူထုတ်နေစဉ် အတွင်းရင်ဘတ်က ဘယ်လိုတုန်ခါနေသလဲဆိုတာကို သတိပြုနေပါ။  ၄င်းကဲ့သို့  အသက်ရှူသွင်း၊ ရှူထုတ်ခြင်းအပေါ် အခြေခံပြီး  ၀မ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်တုန်ခါမှုကိုအာရုံစိုက်ခြင်းကို ခြောက်ကြိမ်လောက်ပြုလုပ်ပြီးနောက် ခဏလောက် ငြိမ်သက်စွာနေပါ။ ၄င်းနောက် အိပ်ဖို့အသင့်ဖြစ်ပြီလို့ မိမိကိုယ်ကိုပြောပြီး ဖြည်းညင်းစွာထကာ အိပ်ရာ၀င်ပါ။

 

7. ကိုယ်အင်္ဂါ အစိတ်အပိုင်းများကိုဖိပါ။

        ခန္ဓာကိုယ်ရဲ့တစ်ချို့နေရာတွေကိုဖိခြင်းဖြင့် အိပ်ချင်စိတ်ကိုနှိုးဆွနိုင်ပါတယ်။ လက်မကိုအသုံးပြုပြီး မျက်ခုံးနဲ့ နှာခေါင်းကြားနေရာကို စက္ကန့်နှစ်ဆယ်ကြာဖိထားပြီးနောက်ဖယ်လိုက်ပါ။ ၄င်းကဲ့သို့ နှစ်ကြိမ်ပြုလုပ်ပေး ပါ။ နောက်တစ်နည်းက အိပ်ရာအစွန်းတစ်နေရာမှာထိုင်ကာ ဘယ်ဘက်ဒူးခေါင်းအပေါ်ကို ညာခြေထောက်တင်လိုက်ပြီး ခြေမနဲ့ ခြေညှိုးကြားကိုဖိပေးပါ။ ယင်းကဲ့သို့ ဘယ်ခြေထောက်၊ ညာခြေထောက် တစ်လှည့်စီလုပ်ပေးပြီး နောက်ဆုံးမှာ လက်မ၊ လက်ညှိုးအသုံးပြုကာ ခြေညှိုးကိုနှိပ်ပေးပါ။

 

8. အိပ်ပျော်စေသောအရာကိုရှာဖွေပါ။

        မည်သည့်လုပ်ဆောင်ချက်ကသင့်ကို အိပ်ပျော်စေဖို့လှု့ံဆော်ပေးသလဲဆိုတာကိုရှာဖွေပါ။  အိပ်ရာ၀င်ခါနီးလုပ်နေကျ လုပ်ဆောင်မှုတွေမှဖြစ်စေ၊ လုပ်ဆောင်မှုအသစ်ထဲကဖြစ်စေ သင့်ကိုအိပ်ပျော်စေဖို့ အထောက်အကူပြုမယ်ဆိုပါက ၄င်းအလေ့အထကိုနေ့စဉ်ပြုလုပ်ပေးပါ။  နောက်ပိုင်းမှာကျင့်သားရသွားပြီး အိပ်ပျော်စေဖို့ အတင်းမရမကကြိုးစားကြိတ်မှိတ် အိပ်စက်ရတာမျိုးမရှိနိုင်တော့ပါဘူး။

 

9. စိတ်ပူပန်စရာကိစ္စတွေကို စာရင်းပြုစုထားပါ။

        မပြီးပြတ်သေးတဲ့  လုပ်ငန်းကိစ္စအကြောင်းအရာတွေ၊ အရေးကြီးတဲ့ကိစ္စတွေကိုမေ့မှာစိုးတာကြောင့် အိပ်ရာ၀င်ခါနီးမှ  ထပ်ခါတလဲလဲမှတ်မိအောင်ပြုလုပ်နေခြင်းက စိတ်ကိုပူပန်စေပြီးမျက်စိကြောင်စေပါတယ်။ ဒါကြောင့်  သင်နောက်တစ်နေ့မှာလုပ်ဖို့ ကျန်ရှိသေးတဲ့ကိစ္စမှန်သမျှကို မှတ်စုစာအုပ်ထဲမှာပဲဖြစ်ဖြစ်ရေးချမှတ်သားထားပါ။

 

10. သီချင်းနားထောင်ပါ။ 

        စိတ်ကိုတည် ငြိမ်အေးချမ်းစေတဲ့  ငြိမ့်ငြိမ့်ညောင်းညောင်းသီချင်းအေးတွေကို နားဆင်ပေးခြင်း ဟာ မြန်မြန်အိပ်ပျော်သွားဖို့  အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပါတယ်။

 

Cho Thet

www.drmyanmar.com