/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းချုပ်ခြင်းအတွက်-အစားအစာများ

ဝမ်းချုပ်ခြင်းအတွက် အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  ဝမ်းချုပ်တယ်ဆိုတာ -
ဝမ်းချုပ်တယ်ဆိုတာ ဝမ်းသွားရခက်ခဲတာပဲဖြစ်ဖြစ်၊ ပုံမှန်ထက်ဝမ်းသွားတာနည်းတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဝမ်းသွားချင်ပေမယ့် ဝမ်းမသွားနိုင်ဘဲ ဖြစ်နေတာမျိုးပါ။ ဝမ်းချုပ်တဲ့အခါမှာ ဗိုက်အောင့်တာ၊ လေထတာမျိုးတွေဖြစ်ပြီးတော့ နေထိုင်မကောင်းဖြစ်နေတတ်ပါတယ်။
ပုံမှန်ဝမ်းဟာ ပျော့ပျော့လေးဖြစ်ပြီး လွယ်လွယ်ကူကူပဲ သွားနိုင်ရပါမယ်။
ဝမ်းချုပ်တဲ့အခါ တစ်နေ့ကို အရည် ၂ လီတာမှ ၂.၅ လီတာ (၈-၁၀ ခွက်) လောက် သောက်ပေးသင့်ပါတယ်နော်။ ရေသောက်တာ အကောင်းဆုံးပါပဲ။
အမျှင်ဓာတ်ကိုလည်း တဖြည်းဖြည်းချင်း ထည့်စားပေးသင့်ပါတယ်နော်။ အမျှင်တွေကို ရုတ်တရက်ကြီး အများကြီး စားလိုက်မိရင်လည်း လေပွတတ်ပါတယ်။ အမျှင်များများစားရင် ရေများများသောက်ပေးဖို့တော့ လိုပါတယ်။

>>  အမျှင်များတဲ့ အစားအသောက်တွေက -
ယေဘုယျကျန်းမာရေးအတွက် အမျှင်များတဲ့အစားအသောက်တွေစားပေးဖို့အရေးကြီးကြောင်း သိကြမှာပါ။ အမျှင်ဓာတ်ကို အဓိကကတော့ အသီးအရွက်တွေကနေ ရရှိနိုင်ပါတယ်။
●  သစ်သီးခြောက်တွေအပါအဝင် အသီးအရွက်အစုံ (ချက်ပြုတ်တာ၊ ကျိတ်ခြေတာ၊ အနှစ်ချက်တာ စတာတွေက အသီးအရွက်ထဲက အမျှင်ဓာတ်ကို လျော့နည်းမသွားစေနိုင်ပါဘူး။ အသီးဖျော်ရည်ထက်စာရင် အသီးမှာက အမျှင်ဓာတ်ပိုများပါတယ်။)
●  ပေါင်မုန့်ညို၊ cereal၊ ပါစတာ၊ ဆန်လုံးညို၊ အုတ်ဂျုံ၊ ဘာလီ စတဲ့ အရောင်မချွတ် မပြုပြင်ထားတဲ့အစေ့အနှံတွေ
●  ပဲအမျိုးမျိုး
●  အစေ့အဆံတွေ စတာတွေကနေ အမျှင်ဓာတ်တွေ ရရှိနိုင်ပါတယ်။
အူလမ်းကြောင်း ပိတ်နိုင်ခြေရှိနိုင်တဲ့လူတွေအတွက်တော့ အမျှင်များတာ စားသင့်၊ မသင့် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။

>>  ဆီးသီးစားတာ၊ ဆီးသီးဖျော်ရည်သောက်တာကရော ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်သလား?
ဟုတ်ကဲ့ ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးတို့၊ ဆီးသီးဖျော်ရည်တို့မှာ သဘာဝသကြားအရက် sorbitol ပါဝင်ပါတယ်။ ဒါကြောင့် ဆီးသီးတို့၊ ဆီးသီးဖျော်ရည်တို့ကို အမျှင်များတဲ့ အစားအသောက်တွေ၊ အရည်တွေနဲ့ တွဲဖက်စားသောက်ပေးရင် အကောင်းဆုံးပေါ့။

>>  ဝမ်းချုပ်တာကို သက်သာစေဖို့ ဝမ်းနှုတ်ဆေးသောက်ဖို့ လိုပါသလား?
ခဏတဖြုတ် သောက်လို့တော့ရပေမယ့် ရေရှည်သောက်လာရင် ကိုယ်ခန္ဓာက စွဲလာတတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။
အမျှင်ဖြည့်စွက်စာကို ပေါင်ဒါ၊ သောက်ဆေး စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲ တွေ့နိုင်ပါတယ်။ အမျှင်အများကြီး မစားနိုင်ဘူးဆိုရင် ဒီလိုအမျှင်ဓာတ် ဖြည့်စွက်စာတွေစားဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဆေးတို့၊ ရောဂါတစ်ခုခုတို့ကြောင့် ဝမ်းချုပ်တာမျိုးကတော့ စားသောက်တဲ့ပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ သက်သာသွားမှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေကတော့ ဝမ်းချုပ်ဆေးတွေ ဘာတွေ မသောက်ခင် ဆရာဝန်နဲ့ အရင်ပြဖို့ လိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)