ဝမ်းချုပ်ခြင်း အကြောင်းအရင်းများ
>> ဝမ်းချုပ်တယ်ဆိုတာ -
ဝမ်းချုပ်တယ်ဆိုတာ ဝမ်းသွားရ ခက်ခဲတာပဲဖြစ်ဖြစ်၊ ပုံမှန်ထက် ဝမ်းသွားတာနည်းတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဝမ်းသွားချင်ပေမယ့် ဝမ်းမသွားနိုင်ပဲ ဖြစ်နေတာမျိုးပါ။ ဝမ်းချုပ်တဲ့အခါမှာ ဗိုက်အောင့်တာ၊ လေထတာမျိုးတွေဖြစ်ပြီးတော့ နေထိုင်မကောင်း ဖြစ်နေတတ်ပါတယ်။
ပုံမှန်ဝမ်းဟာ ပျော့ပျော့လေးဖြစ်ပြီး လွယ်လွယ်ကူကူပဲ သွားနိုင်ရပါမယ်။
>> နေ့တိုင်း ဝမ်းသွားဖို့လိုသလား?
မလိုပါဘူး။ လူတိုင်း နေ့တိုင်း ဝမ်းမသွားပါဘူး။ တချို့လူတွေက တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက် သွားတတ်ပါတယ်။ တချို့တွေကျတော့ တစ်ပတ်ကိုမှ ဝမ်း ၂-၃ ကြိမ်လောက်ပဲ သွားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဝမ်းသွားတဲ့အကျင့်ချင်း မတူကြတာပါ။
>> ဘာကြောင့်ဝမ်းချုပ်ရတာလဲ?
ဝမ်းချုပ်တာဟာ -
● ဝမ်းပျော့ဆေးတွေအများကြီးသောက်လို့
● ဝမ်းသွားချင်တဲ့ချိန်မှာ ဝမ်းမသွားမိလို့
● စိတ်ဖိစီးမှုများလို့
● ကိုယ်ဝန်ရှိနေလို့
● နေ့စဉ်လုပ်ကိုင်နေကျ လုပ်ရိုးလုပ်စဉ်တွေ ပြောင်းလဲကုန်လို့၊ ခရီးသွားနေလို့
● အမျှင်လုံလောက်အောင် မစားလို့
● အရည်လုံလောက်အောင် မသောက်လို့
● နေ့စဉ်ပုံမှန်လုပ်ရှားမှုမလုပ်လို့
● အလူမီနီယမ်၊ ကယ်လ်စီယမ်တွေပါတဲ့ အစာအိမ်ဆေးတွေ၊ စိတ်ကျရောဂါပျောက်ဆေးတွေ၊ နှာစေးပျောက်ဆေးတွေ၊ ကိုဒင်းလိုမျိုးဘိန်းပါတဲ့ဆေးတွေ၊ ကြွက်သားတုန်ခါမှုကို လျှော့ချပေးတဲ့ဆေးတွေ၊ ဆီးဆေး၊ စိတ်ငြိမ်ဆေးနဲ့ တချို့နှလုံးဆေးတွေ သောက်မိလို့
● သံဓာတ်နဲ့ ကယ်လ်စီယမ်လိုမျိုး အားဆေးတွေ သောက်မိလို့
● အကြောင်းရင်း မယ်မယ်ရရမရှိဘဲ ဝမ်းလျှော၊ ဝမ်းချုပ်၊ ဗိုက်နာ စသဖြင့် ဖြစ်တတ်တဲ့ irritable bowel syndrome, အူမကြီးကင်ဆာ၊ စားသောက်ခြင်းနဲ့ပတ်သက်တဲ့ရောဂါစုတွေ၊ သိုင်းရွိုက်အားနည်းတဲ့ရောဂါ၊ ဆီးချို၊ ပါကင်ဆန်ရောဂါ၊ ဦးနှောက်နဲ့အာရုံကြောမ ပျက်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့ multiple sclerosis၊ ဂလူတန်ဂျုံမစုပ်ယူနိုင်တဲ့ coeliac disease၊ စိတ်ကျရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေရှိနေလို့ စသဖြင့် အကြောင်းရင်းများစွာကြောင့် ဝမ်းချုပ်နိုင်ပါတယ်။
>> ဝမ်းချုပ်တိုင်း ဆရာဝန်နဲ့ပြဖို့လိုမလား?
ဒါတွေရှိနေခဲ့ရင် ဆရာဝန်နဲ့ပြပါ။
● နေ့စဉ်နေထိုင်စားသောက်မှုပုံစံ မပြောင်းပါဘဲ ရုတ်တရက်ကြီး ဝမ်းသွားတဲ့ပုံစံ ပြောင်းသွားခဲ့ရင်
● ဝမ်းချုပ်တာ ရက်ပေါင်း တော်တော်ကြာပြီး ဝမ်းသွားစေမယ့် အစားအသောက်တွေ စားတာတောင် ဝမ်းမသွားခဲ့ရင်
● ဗိုက်တို့၊ တင်ပါးတို့က နာလာခဲ့ရင်
● ဝမ်းထဲ သွေးပါလာခဲ့ရင်
● ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန် ကျသွားခဲ့ရင်
● ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက် တစ်လှည့်စီဖြစ်နေရင် ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။
>> ဖြစ်နိုင်တဲ့နောက်ဆက်တွဲတွေကတော့ -
● လိပ်ခေါင်းဖြစ်ခြင်း
● စအိုကွဲခြင်း
● ဝမ်းအိတ်ကိုထိန်းထားတဲ့ ကြွက်သားတွေ၊ အရွတ်တွေ အားနည်းခြင်း
● အူမကြီးထဲ ဝမ်းပိတ်နေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
>> ဝမ်းချုပ်တဲ့အခါ စားသင့်တဲ့အစားအသောက်တွေက -
အမျှင်ဓာတ်နဲ့အရည်တွေက ဝမ်းကို မှန်စေနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေဟာ ဝမ်းထဲမှာ အရည်ဓာတ်ကလေးရှိစေပြီး ဝမ်းကို ပျော့စေနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ ဝမ်းချုပ်တာကို သက်သာစေ၊ ပိုဆိုးစေတဲ့ အစားအသောက် တိတိကျကျရယ်လို့တော့ မရှိပါဘူး။ အမျှင်နဲ့အရည်နည်းရင် ဝမ်းချုပ်မှာပါပဲ။
ဒါကြောင့်မို့ ဝမ်းချုပ်တာကို ကာကွယ်ချင်ရင် အရည်များများသောက်၊ အမျှင်များများစားပေးဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























