/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းစိမ်းစိမ်းတွေ-သွားနေပါလား

ဝမ်းစိမ်းစိမ်းတွေ သွားနေပါလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တစ်ခါတလေ ဝမ်းစိမ်းစိမ်းတွေ များသွားလို့ လန့်မသွားနဲ့နော်။ အတော်များများမှာ ရောဂါနဲ့မဆိုင်တဲ့အကြောင်းတွေ ရှိနေပါတယ်။
ဒါပေမဲ့ ရက်ပေါင်းများစွာ ကြာလာပြီဆိုရင်တော့ ကြောက်ရတော့မယ်။ စားတာ တစ်ခုခုကြောင့် ဒါမှမဟုတ် အန်စေ၊ ဝမ်းသွားစေတဲ ဗိုင်းရပ်စ်တစ်ခုခုကြောင့်မဟုတ်ရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပဲပေါ့။
တစ်ကြိမ်တစ်ခါလောက် ဝမ်းစိမ်းစိမ်းသွားတာလောက်က ကိစ္စမရှိလှဘူး။ အဲဒါကြောင့် ဝမ်းစိမ်းစိမ်းပျော့ပျော့သွားရင် ကိုယ် ဘာတွေစားမိခဲ့လဲ၊ ဘာဆေးတွေများသောက်မိလဲ သေချာပြန်စဉ်းစားကြည့်ပါ။ အစိမ်းရောင်ရှိတဲ့ အစားအသောက်မှ မဟုတ်ဘူးနော်။ ခရမ်းရောင်၊ အမည်းရောင်နဲ့ တခြားအရောင်ရင့်ရင့်တွေကြောင့်လည်း ဝမ်းအစိမ်းရောင် ပြောင်းတတ်ပါတယ်။
ဒါဆိုရင် ဘယ်အချိန်မှာ ဝမ်းအစိမ်းက စိုးရိမ်ရတယ်ဆိုတာ သတိထားဖို့တော့ လိုတာပေါ့။
ပုံမှန်ဝမ်းကို အညိုရောင်လို့ သတ်မှတ်ထားတယ်။ တကယ်တော့ အူသိမ်ပိုင်းကနေ ထွက်လာတဲ့ သည်းခြေရည်က အစိမ်းရောင်ပေမယ့် အူမကြီးပိုင်းကို ရောက်တဲ့အခါ အညိုရောင် ပြောင်းသွားပါတယ်။
ဒါပေမဲ့ အူမကြီးရောက်တဲ့အထိ စိမ်းနေပြီး ဝမ်းသွားတဲ့အထဲပါ ပါလာတာကို rapid transit ဝမ်းလှုပ်ရှားမှုမြန်ခြင်းလို့ ခေါ်ပါတယ်။
အထူးသဖြင့် ဝမ်းအတုံးအခဲမသွားဘဲ ဝမ်းပျော့ပျော့စိမ်းစိမ်းသွားနေရင် ဆရာဝန်နဲ့ ပြသရမယ်။
အရမ်းမကြောက်သွားနဲ့ဦး။ မစိုးရိမ်ရတဲ့အခြေအနေတွေလည်း ရှိပါသေးတယ်။
●  အစားအစာစိမ်းစိမ်းတွေ စားမိတာမျိုး : အစိမ်းရောင် အသီးအရွက်တွေမှာပါတဲ့ ကလိုရိုဖီးလ်ကြောင့် ဖြစ်နိုင်သလို အစိမ်းရောင်အရောင်ဆိုးဆေးတွေကြောင့်လည်း ရတတ်ပါတယ်။
●  ခရမ်းရောင်အစားအစာတွေ စားမိတာမျိုး : ခရမ်းရောင်ရေခဲထုပ်တွေ၊ ဂျယ်လီတွေ စားမိရင်လည်း ဝမ်းစိမ်းတတ်သေးတယ်နော်။
●  သံဓာတ်များတဲ့ အစားအသောက်တွေ : သံဓာတ်စားတာများသွားရင်လည်း ဝမ်းစိမ်းတတ်ပါတယ်။

>>  ဝမ်းစိမ်းစိမ်း အသွားများတဲ့အချိန်ကို သတိထားမိကြလား?
အားလပ်ရက်ပိတ်ရက်တွေပါ။ အားလပ်ရက်တွေမှာ အစားစုံတတ်ကြတော့ အစိမ်းရောင်ဆိုးဆေးပါတဲ့ အစားအသောက်တွေ စားမိကြတယ်။ ပြီးတော့ အဆီများတာတွေ စားမိတော့ ဝမ်းကလည်း ပျော့နေတယ်။ ဝမ်းစိမ်းစိမ်းက ချက်ချင်းမသွားဘဲ ၁ ရက်၊ ၂ ရက်လောက်နေမှ သွားတာဖြစ်လို့ ကိုယ် ဘာစားမိလဲဆိုတာတောင် မမှတ်မိတတ်ကြတော့ဘူးပေါ့။

>>  ဆရာဝန်ကို ဘယ်အချိန် ဆက်သွယ်သင့်လဲဆိုရင် -
ဝမ်းစိမ်းစိမ်း ဆက်တိုက်သွားနေတယ်၊ ဝမ်းသွားတဲ့ပုံစံ ပြောင်းသွားတယ်ဆိုရင် ဆရာဝန်နဲ့ပြပြီး အကြောင်းရင်း ရှာရမယ်။ အထူးသဖြင့် ရက်ပေါင်းများစွာ ဝမ်းလျှောနေပြီး အရည်ဓာတ် ဆုံးရှုံးနေရင်၊ ဗိုက်နာတာ၊ ပျို့ချင် အန်ချင်တာတွေနဲ့ပါ တွဲနေရင် ဆရာဝန်ကို မဖြစ်မနေ ဆက်သွယ်ရမယ်နော်။

>>  နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်
တစ်ခါတလေ ဝမ်းစိမ်းတတ်တာမျိုးက စိုးရိမ်စရာမရှိဘူး။ အထူးသဖြင့် အစာစိမ်းစိမ်းတွေ စားမိထားတယ်ဆိုရင် ဘာမှကြောက်စရာမလိုလို့ ကိုယ် ဘာများစားမိလဲဆိုတာ ပြန်ကြည့်သင့်တယ်။
ပျောက်လည်းမပျောက်၊ ဘာမှလည်းမစားမိ၊ ဖျားလည်းမဖျားဘဲနဲ့ ဝမ်းအစိမ်းရောင် သွားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါတော့။

Dr. Mya Phoo Ngon (www.drmyanmar.com)