/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝေးဝေးရှောင်သင့်တဲ့-အမူအကျင့်တွေ

ဝေးဝေးရှောင်သင့်တဲ့ အမူအကျင့်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူတွေမှာဆိုရင် တခြားသူတွေကို ဆွဲဆောင်နိုင်တဲ့ အမူအကျင့်တွေရှိသလိုပဲ လူတွေ နှာခေါင်းရှုံ့တတ်တဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ ဒီလိုမကောင်းတဲ့ အမူအကျင့်တွေကြောင့် ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပျက်ပြားစေနိုင်ပါတယ်။ ဒီတော့ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပေးနိုင်ဖို့နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အပြင်ဘက်ကို မရောက်စေဖို့အတွက် ရှောင်သင့်တဲ့ အမူအကျင့်တွေကို သတိထားပြီးတော့ ပြုပြင်ဖို့ လိုပါတယ်။

 

1. အခြားသူတွေ အောင်မြင်မှုရနေတာတွေကို ကြည့်ပြီးတော့ မနာလိုဝန်တိုဖြစ်ခြင်း

          ကိုယ့်မှာ ကိုယ့်ကိုယ်ကို သူများတွေနဲ့လိုက်ပြီး နှိုင်းယှဉ်တတ်တဲ့အကျင့် ရှိတယ်ဆိုရင် ဒီအကျင့်ကို ရပ်နိုင်ဖို့ ကြိုးစားတာက အကောင်းဆုံးပါပဲ။

          သူများတွေနဲ့ နှိုင်းယှဉ်ကြည့်တာက ဥပမာဆိုရင် ကိုယ်က ဒီအမျိုးအစားထဲမှာဆိုရင် အကောင်းဆုံးလား၊ အဆိုးဆုံးလား ဘယ်အဆင့်မှာရှိလဲ ဆိုတာတွေကို သိနိုင်ပါတယ်။ ဒီတော့ နှိုင်းယှဉ်ကြည့်တာကို ကောင်းကျိုးအတွက် သုံးနိုင်မယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့စိတ်က မနာလိုစိတ်များတယ်ဆိုရင် သူများတွေကို လိုက်ကြည့်ပြီးတော့ ယှဉ်ကြည့်နေတာက အဆိုးဘက်ကိုပဲ ရောက်သွားစေပါတယ်။

 

2. ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တတ်တဲ့ ညာဉ်ရှိခြင်း

          နေရာတိုင်းမှာ လိုက်ပြီး သူများကို တိုက်ခိုက်တတ်တာက မကောင်းပါဘူး။ ဒီလိုမျိုး သူများကို ဝေဖန်ချင်လာပြီဆိုရင် ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီးတော့ ထွက်လာမယ့်စကားလုံးတွေကို ကိုယ့်စိတ်ထဲကနေ ထွက်သွားအောင် လုပ်ရပါမယ်။ ကိုယ့်မှာ မာနတွေ၊ အတ္တတွေ ရှိနေပြီဆိုရင် သူများတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ ပိုပြီးလုပ်ချင်လာပါတယ်။ ဒါက သူများ ဘာပြောပြော လက်ခံရမယ်လို့တော့ ပြောတာမဟုတ်ပါဘူးနော်။ ဒီအစား သူများရဲ့ အယူအဆအမြင်တွေကိုလည်း နားထောင်ပေးပြီးတော့ ကိုယ့်ရဲ့အမြင်နဲ့ ညှိဖို့သင့်ပါတယ်။

 

3. ကိုယ့်ကိုယ်ကို အမြဲအပြစ်ဖို့နေခြင်း

          ကိုယ့်ကိုယ်ကို အပြစ်ရှိတဲ့သူတစ်ယောက်လို အမြဲခံစားနေရတာကလည်း မကောင်းတဲ့အကျင့်ပါ။ ဒါက ကိုယ့်ရဲ့အစွမ်းအစ၊ တိုးတက်ရာလမ်းကြောင်းတွေကို နှောင့်နှေးစေပါတယ်။

 

4. အလွန်အကျွံ ခံစားတတ်ခြင်း

          တချို့အခြေအနေတွေမှာ မကောင်းတဲ့ ခံစားချက်တွေနဲ့ စိ််တ်ထဲမှာ ခံစားရတာတွေကို ခဏတာ ခံစားရပြီးတော့ နောက်မှာတော့ ပြန်ပျောက်သွားတတ်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့လည်း အခက်အခဲ တစ်ခုခုတွေ့တိုင်းမှာ နာကျင်ခံစားနေပြီးတော့ ပြန်မထူနိုင်ရင်တော့လည်း နောက်ဆုံးမှာ ခါးသက်မှုတွေနဲ့ပဲ ကြုံရပါလိမ့်မယ်။

 

5. ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခြင်း

          လူတွေက ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ်အတတ်နိုင်ဆုံး ထိန်းချုပ်ထားသင့်ပါတယ်။ အမြဲတမ်း တစ်ခုခုဖြစ်တာနဲ့ စိတ်တို၊ ဒေါသတွေထွက်၊ ငိုယိုပြီးတော့ ပစ္စည်းတွေကို လွှင့်ပစ်တာမျိုးတွေ လုပ်နေတာက မရင့်ကျက်သေးတဲ့ အပြုအမူဖြစ်ပြီးတော့ အပေါင်းအသင်းတွေကိုလည်း ဝေးသွားစေပါတယ်။

          ကိုယ့်အကြောင်းကို သူများတွေ ဘယ်လိုပြောနေလဲဆိုတာကို နားထောင်ပြီးတော့ ကိုယ့်ရဲ့ခံစားချက်ကို သေချာထိန်းထားခြင်းအားဖြင့် အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

 

6. ကိုယ်ချင်းစာစိတ် မရှိခြင်း

          လူ့လောကကြီးမှာ ကိုယ်ချင်းစာစိတ်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ တခြားသူတွေကိုလည်း ကိုယ်နဲ့ယှဉ်ပြီးတော့ တွေးကြည့်တာမျိုး၊ သူ့နေရာမှာ ဝင်ပြီးတွေးပေးတာမျိုးတွေ လုပ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ ပြဿနာတွေကို နားလည်လာပါလိမ့်မယ်။ ဒီလိုအကျင့်လေးက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို တက်စေပါတယ်။ ကိုယ်ချင်းစာတရား ရှိမယ်ဆိုရင် ငြိမ်းချမ်းပြီးတော့ တခြားသူတွေနဲ့ ဆက်ဆံရေးကလည်း ကောင်းလာပါလိမ့်မယ်။

 

7. စည်းတွေ၊ ဘောင်တွေကို မလေးစားခြင်း

          သူများတွေကိုယ့်ကို လေးစားစေချင်တယ်ဆိုရင် ကိုယ့်ကလည်း စည်းတွေ၊ ဘောင်တွေ ကျော်တာမျိုး မလုပ်ဘဲနဲ့ လေးစားမှုရှိဖို့ လိုပါတယ်။ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရတဲ့ အနေအထားပေါ် မူတည်ပြီးတော့ သူ့စည်းကိုယ့်စည်းဆိုတာ ရှိပါတယ်။

          ကျွန်ုပ်တို့အနေနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီးတော့ လူမှုဆက်ဆံရေးမှာလည်း ကောင်းမွန်စေဖို့ ဆိုရင်တော့ ဒီလူအများ မကြိုက်တဲ့အမူအကျင့်လေးတွေကို ရှောင်ကြဖို့သင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)