သက်သတ်လွတ်စားတာကြောင့် သွေးတိုးရောဂါ သက်သာနိုင်
သက်သတ်လွတ်စားတာကြောင့် သွေးတိုးရောဂါကို သက်သာစေနိုင်တယ်လို့ လေ့လာမှုများအရ သိရပါတယ်။ ဂျပန်နိုင်ငံမှလေ့လာသူများက လူပေါင်း 22,000 ပါဝင်တဲ့ လေ့လာမှု 39 မျိုးကို ပြုလုပ်ခဲ့ရာ သက်သတ်လွတ်စားသူတွေရဲ့ သွေးပေါင်ချိန်ဟာ အသားစားတဲ့သူတွေထက် လျော့နည်းနေတာကို တွေ့ရပါတယ်။ ယေဘုယျအားဖြင့် သက်သတ်လွတ်စားသူတွေမှာ သွေးပေါင်ချိန် အပေါ်သွေးနဲ့ အောက်သွေးပေါင်ချိန်ဟာ 5mmHg ထိ ကျဆင်းနေပါတယ်။
သွေးတိုးရောဂါကို သက်သာစေတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားနှုန်းက 9% ထိ၊ လေဖြတ်နိုင်ခြေက 14% ထိ လျော့နည်းသွားပါတယ်။ အသီးအနှံများမှာ အသားထက်ပိုပြီး ဆိုဒီယမ်လျော့နည်းခြင်း၊ ပိုတက်စီယမ်ဓာတ် မြင့်မားခြင်းစတဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် သက်သတ်လွတ်စားခြင်းဖြင့် သွေးပေါင်ချိန်ကို လျှော့ချနိုင်တာဖြစ်တယ်လို့ သုသေသီတို့က ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်တွေ မျှတစုံလင်ဖို့အတွက် အသား (ဥပမာ - အဆီမပါ အမဲသား၊ ဆိတ်သား၊ အရေခွံမပါ ကြက်သား) ကိုလည်း အတိုင်းအတာတစ်ခုတော့ စားပေးဖို့ လိုအပ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)




























